နေပြည်တော် ၂၉ နိုဝင်ဘာ
သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး၀င်းသိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပဲခူးတိုင်းဒေသကြီးတွင် အခြေခံပညာကဏ္ဍ၌ ဆရာ ဆရာမ စုစုပေါင်း(၄၄၂၁၉)ဦး၊ ကျောင်းအားလုံးတွင် ကျောင်းသား ကျောင်းသူ (၉၆၀၄၇၆)ဦးရှိပြီး အခြေခံပညာကျောင်း (၄၉၂၇)ကျောင်း ရှိပါကြောင်း၊ နည်းပညာ နှင့်သက်မွေးပညာကဏ္ဍတွင် ကျောင်း(၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၅၃)ဦး၊ ကျောင်းသား ကျောင်းသူ(၁၁၉၉) ဦးရှိပါကြောင်း။ အဆင့်မြင့် ပညာကဏ္ဍတွင် ဝိဇ္ဇာသိပံ္ပတက္ကသိုလ်(၃)ကျောင်းရှိပြီး ဆရာ ဆရာမ(၈၃၈)ဦး၊ ကျောင်းသား ကျောင်းသူ (၇၂၄၃၉) ဦး ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(၄)ကျောင်း ရှိပြီး ဆရာ ဆရာမ(၄၀၆)ဦး၊ ကျောင်းသား ကျောင်းသူ (၄၀၅၈)ဦး၊ ပညာရေးကောလိပ် (၂)ကျောင်းရှိပြီး ဆရာ ဆရာမ(၁၈၈)ဦး၊ ကျောင်းသား ကျောင်းသူ(၂၂၅၄)ဦးရှိပါကြောင်း။
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိ၍ ကျေးရွာအုပ်စု စုစုပေါင်း(၁၄၁၄)အုပ်စု ရှိပြီး ကျေးရွာအုပ်စု တိုင်းတွင် အနည်းဆုံး မူလတန်းလွန်ကျောင်း(၁)ကျောင်း ရှိပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များရှိနေသေးရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စာသင်ဆောင် (၃၅၅)ဆောင်၊ သိပံ္ပဆောင်(၇)ဆောင်၊ စာကြည့်တိုက်နှင့် မီဒီယာခန်းမ(၁၃)ဆောင်၊ ဝန်ထမ်းအိမ်ရာ (၄၁)ဆောင်၊ စုစုပေါင်း (၄၁၆)ဆောင်အတွက် ငွေကျပ် (၂၂၆၃၈ ဒသမ ၇၅၅) သန်းဖြင့် ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (၆) ကျောင်းအတွက် ကျောင်းသား ကျောင်းသူအိပ်ဆောင်(၆)ဆောင်၊ စာသင် ဆောင်(၂)ဆောင်၊ ဘက်စုံခန်းမ(၂)ဆောင်၊ စားသောက်ဆိုင်တန်း(၁)ခု၊ ဘောလုံးပွဲကြည့်စင်(၁)ခု၊ ဆရာ ဆရာမ ဆောင်(၁)ဆောင်၊ အရာရှိနေအိမ်(၁)လုံးနှင့် ဝန်ထမ်းအိမ်ရာ(၂)ဆောင်တို့အား ဖြည့်ဆည်းနိုင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသားစာပေသင် Teaching Assistant(TA) (၆၄၀)ဦး၊ Language Teacher(LA) (၉၀၉)ဦး ခန့်ထားပြီးဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များကိုလည်း (၄) နှစ်သင်ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် ကာလတိုသင်တန်း(၁၈) မျိုး၊ ကာလရှည်သင်တန်း (၁၄)မျိုး ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး GTI(ပဲခူး)နှင့် GTI (တောင်ငူ) ကျောင်းသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ပဲခူးတိုင်းဒေသကြီးတွင် ကျောင်းနေအရွယ် ကလေးအားလုံး တစ်သက်တာ သင်ယူမှုအခွင့် အလမ်းရရှိရေးနှင့် အရည်အသွေးရှိသော သင်ယူတတ်မြောက်မှု အခွင့်အလမ်းရရှိရေးတို့အတွက် လိုအပ်နေသော ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အိုင်စီတီများ၊ အိပ်ဆောင်များ၊ အိမ်ရာများ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံ ပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာသက်မွေး ပညာနှင့်လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးတင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ (၂၅)ရက် က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)