သန်ကောင်ရောဂါ (WORM INFESTATION)

ပါမေက္ခ ဒေါက်တာသိန်းမြင့် (YGH- GI)

 

သန်ကောင်ရောဂါသည် အလွန်အဖြစ်များသော ရောဂါဖြစ်ပြီး သန်ကောင်များသည် ခန္ဓာကိုယ်တွင်း အူလမ်းကြောင်းအတွင်း၌သာ သီးသန့် နေထိုင်ပါသည်။ သန်ကောင်ဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင် နေထိုင် ပေါက်ပွားနိုင်သော ကပ်ပါး ကောင်များ ဖြစ်ပါသည်။ ၄င်းတို့အနက်မှ သန်လုံးကောင်၊ ကြာပွတ်သန်ကောင်၊ ချိတ်သန်ကောင်၊ အပ်သန်ကောင်၊ ပလွေသန်ကောင်နှင့် ကြိုးပြားသန်ကောင်တို့သည် လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနေသော သန်ကောင်များ ဖြစ်ပါသည်။ အဖြစ်အများဆုံးမှာ သန်လုံးကောင်၊ ကြိုးပြားသန်ကောင်နှင့် ချိတ်သန်ကောင်တို့ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ ၂ဝ၁၄ ခုနှစ် ထုတ်ပြန်ချက်အရ လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းသည် သန်ကောင်ရောဂါ ခံစားနေရပါသည်။ ၄၇ ရာခိုင်နှုန်းသည် သန်လုံးကောင်ကြောင့် အဓိက ဖြစ်ပွားနေပါသည်။

 

ကူးစက်နိုင်သည့် နည်းလမ်းများ

 

သန်လုံးကောင်၊ ကြိုးပြားသန်ကောင်တို့သည် သန်ကောင်ဥများ ကပ်နေသော အစားအစာများကို စားမိခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ပလွေသန်ကောင်နှင့် ချိတ်သန်ကောင်တို့မှာ လူ့အရေအပြားမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။

 

ခြေဗလာဖြင့် လမ်းလျှောက်ခြင်းနှင့် ရောဂါပိုးရှိနေသော လူ့မစင်များမှ တစ်ဆင့် ချိတ်သန်ကောင်များ ကူးစက်နိုင်ပါသည်။ ထိုသံကောင်များသည် ကူးစက်ခံထားရသော လူ့ခန္ဓာကိုယ်ထဲတွင် ဆက်လက်မျိုးပွားခြင်းဖြင့် ရှင်သန် ပေါက်ဖွားကြပါသည်။

 

ရောဂါလက္ခဏာများ

 

သန်ကောင်ရောဂါ ကူးစက်ခံရလျှင် စအိုတစ်ဝိုက် ယားယံခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ သွေးအားနည်းခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အင်ပျဉ်ထခြင်း၊ မကြာခဏ ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်း၊ ဝမ်းထဲတွင် သန်ကောင်များပါလာခြင်း၊ ဝမ်းသွားပုံစံ မမှန်ကန်ခြင်း၊ ကိုယ်အလေးချိန် ဖွံ့ဖြိုးမှုမရှိခြင်း၊ ကလေးငယ်များတွင် သန်ကောင်ကြောင့် အာဟာရ ချို့တဲ့ပြီး ဗိုက်ပူနံကား ဖြစ်လာခြင်း အပါအဝင် အခြားလက္ခဏာများလည်း ခံစားရနိုင်ပါသည်။

 

နောက်ဆက်တွဲဆိုးကျိုးများ

 

သန်ကောင်ကြောင့်ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းခြင်း/နေခြင်း၊ သွေးအားနည်းရောဂါ၊ ဝမ်းဗိုက်နာခြင်း၊ အစားအသောက်မမှန်ခြင်း၊ သည်းခြေပြွန် ပိတ်ဆို့ရောင်ရမ်းခြင်း၊ သရက်ရွက်ရောင်ခြင်း၊ အသည်းတွင် ပြည်တည်ခြင်း၊ ကိုယ်အလေးချိန် မတက်ခြင်း၊ အူပိတ်ခြင်းနှင့် အူအတက်ရောင်ခြင်းတို့ ဖြစ်ပါသည်။ အချို့သန်ကောင်များသည် အဆုတ်ရောဂါကို ဖြစ်စေနိုင်သောကြောင့် မကြာခဏ ချောင်းခြောက်ဆိုးခြင်း ဖြစ်စေနိုင်ပါသည်။ သန်ကောင်တစ်မျိုးသည် ဦးနှောက်အတွင်းထိ ရောက်နိုင်သည့်အတွက် လူနာများမှာ သတိလစ်ခြင်း၊ တက်ခြင်း စသည်တို့ ဖြစ်ပွား တတ်ပါသည်။

 

သန်ကောင် ရှိ၊ မရှိ စစ်ဆေးနည်းများ

 

သန်ကောင်ရောဂါ၏ လက္ခဏာများ စတင်ခံစားနေရလျှင် နီးစပ်ရာ ဆရာဝန်နှင့် ပြသသင့်ပါသည်။

 

သန်ကောင် ရှိ၊ မရှိကို နံနက်စောစော အိပ်ရာနိုးနိုးချင်း၊ စအိုတစ်ဝိုက်ကို လက်နှိပ်ဓာတ်မီး (Torch Light)ဖြင့် ထိုးကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ထို့အပြင် နံနက်စောစော ရေမချိုးမီနှင့် အိမ်သာမတက်မီ (Adhesive tape test) ဝမ်းစစ်ဆေးခြင်းဖြင့်လည်း သိရှိနိုင်ပါသည်။

 

သန်ကောင်ရောဂါမဖြစ်အောင် ကာကွယ်ရန်

 

• တစ်ကိုယ်ရည်သန့်ရှင်ရေးကို ပုံမှန်ဂရုစိုက်ပါ။ (လက်သည်း၊ ခြေသည်း ညှပ်ရန်)

 

• လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းစသည့် အလေ့အထများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

 

• အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။

 

• ယင်နားစာနှင့် မသန့်ရှင်းသော အစားအစာများကို ရှောင်ကြဉ်သင့် ပါသည်။

 

• ယင်လုံအိမ်သာ အသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

 

• အသက်(၂)နှစ်နှင့်အထက် ကလေးတိုင်း သန်ချဆေး တိုက်သင့်ပါသည်။

 

• လူထုအတွင်း သန်ချဆေး တိုက်ကျွေးခြင်းများကိုလည်း ပြုလုပ်ပေးသင့်ပါသည်။

 

• သန်ကောင်ရောဂါ ဖြစ်ပွားမှုများသော တိုင်းပြည်များတွင် ခြောက်လ တစ်ကြိမ် ပုံမှန် သန်ချသင့်ပါသည်။

 

• အစားအသောက် ချက်ပြုတ်ရောင်းချသူများမှာလည်း ပုံမှန် သန်ချ သင့်ပါသည်။

 

 

ကုသနည်းများ

 

သန်ကောင်ရောဂါကို ရှိသည်ဟု သံသယရှိလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြီး မိမိရောဂါအတွက် လိုအပ်သောသန်ချဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း အချိန်တိကျစွာ သောက်သုံးသင့်ပါသည်။ အချို့သန်ချဆေးများသည် တစ်ရက် သောက်သုံးရမည်ဖြစ်ပြီး သုံးရက်သောက်သုံးရန် လိုအပ်သော ဆေးများလည်း ရှိပါသည်။

 

လွဲမှားသည့် အယူအဆများ

 

အသားစားခြင်းကြောင့် သန်ထသည်ဆိုသည်မှာ မှားယွင်းသော အယူအဆ ဖြစ်ပါသည်။ လတ်ဆတ်ပြီး သန့်ရှင်း၍ ကျက်အောင် ချက်ပြုတ်ထားသော အသားများမှတစ်ဆင့် မကူးစက်နိုင်ပါ။ သန်ချဆေး သောက်ခြင်းကြောင့် အားနည်းသည် ဆိုခြင်းမှာမမှန်ပါ။ သန်ကောင်ကြောင့်သာ အားနည်းသည့် ရောဂါ ဖြစ်စေပါသည်။ ထို့အပြင် အားနည်းနေစဉ် သန်ချဆေး မသောက်သုံးသင့် ဆိုသည်မှာလည်း လွဲမှားနေပါသည်။ သန်ချဆေးသောက်သုံးပြီး ရောဂါ လက္ခဏာများ ပိုမိုဆိုးရွားလာသည်ဆိုခြင်းမှာ သန်ချဆေးကြောင့် မဟုတ်ဘဲ တိုက်ဆိုင်မှုကြောင့်သာ ဖြစ်နိုင်ပါသည်။ သက်ကြီးရွယ်အိုများတွင် သန်ချခြင်း မပြုရ ဆိုသည်မှာလည်း မဟုတ်မမှန်ပါ။

 

သန်ချဆေးသောက်လျှင် ဘာတွေသတိပြုရမည်လဲ။

 

• ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များ၊ အသည်းရောဂါရှိသူများ အနေနဲ့ သန်ချဆေး သောက်သုံးရန် မသင့်ပါ။

 

• ဝမ်းချုပ်လူနာများတွင် သန်ချဆေးနှင့် ဝမ်းနုတ်ဆေး တွဲဖက် သောက်သုံးရန် လိုအပ်သော်လည်း ပုံမှန်လူများတွင် တွဲသောက်ရန် မလိုပါ။

 

• တုတ်ကောင်ရှိလျှင် တစ်မိသားစုလုံးကို တစ်ပြိုင်နက် သန်ချရန် လိုအပ်ပါသည်။

 

• တုတ်ကောင်သည် နောက်တစ်ကြိမ် ထပ်ဖြစ်တတ်၍ နှစ်ပတ်ကြာလျှင် သန်ချဆေးကို ထပ်မံသောက်သင့်ပါသည်။

 

ကုန်ကျစရိတ်

 

အလွန်သက်သာပါသည်။ သန်ချဆေးတစ်လုံးလျှင် ငွေကျပ် ၁ဝဝ မှ ကျပ် ၅ဝဝ အထိသာရှိပြီး အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ အကယ်၍ သန်ကောင်ရောဂါကို ကုသခြင်းမပြုပါက သန်ကောင်များ သည်းခြေပြွန် အတွင်းသို့ ဝင်ရောက်ပြီးပိတ်ဆို့ခြင်း၊ သည်းခြေပြွန်ရောင်ရမ်းခြင်းများ ဖြစ်ပွားပါက ERCP မှန်ပြောင်းဖြင့် ကုသရန် ကုန်ကျစရိတ်မှာ အနည်းဆုံးငွေကျပ် ငါးသိန်းမှ သိန်း ၂ဝ ကျော်အထိ ရှိနိုင်ပါသည်။ ခွဲစိတ်မှုခံယူရပါကလည်း ကုန်ကျစရိတ်များပြီး နောက်ဆက်တွဲ ဆိုးကျိုးများမှာလည်း အလွန်များပါသည်။

 

သန်ချဆေး၏ ဘေးထွက်ဆိုးကျိုးများ

 

သန်ချဆေးသောက်ခြင်းကြောင့် ရရှိလာမည့် ဘေးထွက်ဆိုးကျိုးမှာ လွန်စွာမှ နည်းပါးပါသည်။ လူနာအနည်းငယ်တွင် ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ တစ်ခါတစ်ရံ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းရောင်ခြင်း၊ တက်ခြင်း၊ မူးဝေခြင်း၊ အင်ပျဉ်နှင့် အနီစက်ထခြင်းတို့ ဖြစ်တတ်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များမှာတော့ သန်ချဆေး အမှန်တကယ် လိုအပ်ပါက ဆရာဝန်နှင့် သေချာစွာ တိုင်ပင်သင့်ပါသည်။

 

နိဂုံးချုပ်

 

သန်ကောင်ရောဂါသည် အဖြစ်များသော်လည်း လူအများ ဂရုမပြုမိဘဲ အမှတ်တမဲ့ ပစ်ပယ်ခြင်းခံရသည့် ရောဂါ ဖြစ်ပါသည်။ ကုသခြင်းမှာ အလွန်လွယ်ကူ ရိုးရှင်းသော နည်းလမ်း ဖြစ်ပါသည်။ သန်ချဆေး သောက်သုံးရန်သာ လိုအပ်ပါသည်။ ကုန်ကျစရိတ်မှာလည်း အလွန်သက်သာပါသည်။ သန်ကောင်ရောဂါ ဖြစ်ပွားပါက နောက်ဆက်တွဲ ဆိုးကျိုးများခြင်း၊ ကုန်ကျစရိတ်များခြင်း၊ အသက်အန္တရာယ် ထိခိုက်နိုင်ခြင်း စသည်တို့ ဖြစ်ပွားနိုင်သောကြောင့် သန်ကောင်ရောဂါကို ပေါ့လျော့မထားဘဲ ဂရုတစိုက် ကုသမှုခံယူသင့်ပါသည်။