နေပြည်တော် ၂၅ ဇွန် 

၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူသော သန်းခေါင်စာရင်း၏ အချက်အလက်များကို လက်ရှိအခြေအနေနှင့် ကွာဟမှုမရှိစေရန်နှင့် ပြောင်းလဲမှုကို သိရှိနိုင်စေရန် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီး ၅ နှစ်အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူရန်စီစဉ်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အသုံးပြုမည့် မေးခွန်းပုံစံတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များသည် ပြောင်းလဲလာသည့် လက်ရှိအခြေအနေများကို ကိုယ်စားပြုနိုင်ရေးမှာ အဓိကကျသည့် အချက်တစ်ချက်ဖြစ်ကြောင်း။

ယခုလက်ရှိတွင် ကြားဖြတ်သန်းခေါင်စာရင်းအတွက် နမူနာကောက်ကွက် ရွေးချယ်ခြင်းနှင့် ကောက်ကွက်အရွယ်အစား သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြေပုံရေးဆွဲခြင်းနှင့် Update ပြုလုပ်ခြင်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအတွက် ရေးဆွဲထားသည့် ကောက်ကွက်မြေပုံများကို အခြေခံ၍ Google Map၊ GIS Technology တို့ကို အသုံးပြုကာ နမူနာ ကောက်ကွက်များအား Digitize မြေပုံများ ထုတ်လုပ်ခြင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းလွှာ(မူကြမ်း) ကိုလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမေးခွန်းလွှာများကို အခြေခံကာ စာရင်းအချက်အလက် အသုံးပြုသည့်ဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထည့်သွင်းကောက်ယူလိုသည့် အကြောင်းအချက်အလက်များနှင့် သဘောထားမှတ်ချက်များကိုလည်း ကြိုတင်တောင်းခံပြုစုထားခြင်း ဖြစ်ပါကြောင်း။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်ကဲ့သို့ မေးခွန်းစာရွက်များဖြင့် Manual ကောက်ခံမည်မဟုတ်ဘဲ Mobile Tablets များအသုံးပြု၍ ကွန်ပျူတာအခြေပြု လူတစ်ဦးချင်းအင်တာဗျူးစနစ် (CAPI) နည်းပညာကို အသုံးပြုကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများနှင့် မေးခွန်းပုံစံ Indicators များ ရှင်းလင်းတင်ပြခြင်း၊ မေးခွန်းပုံစံများအား အပိုင်းလိုက် တင်ပြဆွေးနွေးခြင်းနှင့် အဖွဲ့များခွဲ၍ ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

“သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူတာဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေ၊ လူဦးရေ၊ အိမ်အကြောင်းအရာ၊ အလုပ်သမား ရွှေ့ပြောင်းသွားလာမှုတွေ၊ မွေးဖွားသေဆုံးမှုတွေ၊ ရောဂါဘယကင်းဝေးဖို့ ဆောင်ရွက်ချက်တွေ စတဲ့မေးခွန်းတွေကို ဒီကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှာ မေးမြန်းမှာဖြစ်ပါတယ်။ မေးခွန်းစုစုပေါင်း (၁၂၆)ခု မေးမြန်းမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက ဘယ်အချက်အလက်တွေ လိုအပ်တယ်၊ ဘယ်အချက်တွေ ထည့်ဖြည့်မယ်၊ ဘယ်အချက်တွေ မမေးသင့်ဘူးဆိုတာတွေကို ဌာနဆိုင်ရာများနဲ့ ဒီနေ့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ပြောသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နည်းပညာနှင့်ဆက်စပ်သည့် ပံ့ပိုးမှုများကို ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသူဟိန်း