မာန်သစ်ငြိမ်း( ရှေးဟောင်းသုတေသန )
မြန်မာနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည့် ယဉ်ကျေးမှုခေတ်ကာလ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့သော ယဉ်ကျေးမှုသမိုင်းကြောင်း ရှည်ကြာစွာဖြစ်တည်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
သံခေတ်
သံခေတ်သည် လူ့သမိုင်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ခေတ်တစ်ခေတ်ဖြစ်သည်။ တစ်ချိန် တစ်ခါက သံသတ္တုကို အဓိကထားအသုံးပြုခဲ့သည့်ခေတ်ကို သံခေတ် ဟုခေါ်သည်။ သံကို စတင်အသုံးပြု ခဲ့သောအချိန်သည် လွန်ခဲ့ သောနှစ်ပေါင်း ၃၀၀၀ ခန့်က စတင်ခဲ့သည်။ သံသည် ဆီလီ ကွန်၊ အောက်ဆီဂျင်၊ အလူမီနီယံမှလွဲလျှင် ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံး ဒြပ်စင်ဖြစ်သည်။ ကမ္ဘာကြီးကို အပုံ၂၀ ပုံလျှင် တစ်ပုံမှာ သံဖြစ်သည်။ သံအစစ်သည် ကိရိယာတန်ဆာ ပလာပစ္စည်းများ ပြုလုပ်ရန်ပျော့ပျောင်းသောကြောင့် အခြား သတ္တုများနှင့် ရောစပ်အသုံးပြုကြသည်။ သံကိုကာဗွန် ၁ ရာခိုင် နှုန်းခန့်နှင့် ရောစပ်လိုက်သောအခါ သံမဏိဟုခေါ်သည့် သတ္တု စပ်ဖြစ်လာသည်။ သံသတ္တုရိုင်းခေါ် အချို့သောကျောက် များတွင် သံအမြောက်အမြားပါရှိသည်ကို တွေ့ရသည်။ ထိုကျောက်ရိုင်းများကို အပူပေးအရည်ကျို၍ သံကိုထုတ်ယူ အသုံးပြုခဲ့ကြသည်။ ၁၈၇၀ ပြည့်နှစ်တွင် သံသတ္တုထက် ကောင်းမွန်ခိုင်ခံ့သော သံမဏိ (ခေါ် ) သံကာဗွန်သတ္တု တစ်မျိုးကို ကူးပြောင်းထုတ်လုပ်လာနိုင်ခဲ့သည်။
ကမ္ဘာအနှံ့အပြားတွင် သံခေတ်သည် ဘီစီ ၁၅၀၀ မှ ၁၀၀၀ အတွင်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုကြသည်။ မြန်မာသံခေတ်သည်လည်း ဘီစီ ၁၅၀၀ မှ ၁၀၀၀ အတွင်း စတင်ပေါ် ပေါက်ခဲ့သည်ဟု ဆိုနိုင်သည်။ သမိုင်းကြိုခေတ်ကာလဖြစ်သည့် ပျူမြို့ပြနိုင်ငံများ ပေါ်ထွန်းခဲ့သည့် ခရစ်နှစ်အစပိုင်း ဝန်းကျင် ခန့်ဖြစ်၍ သံကိုစတင်တွေ့ရှိပြီး ကျိုချက်နိုင်ခဲ့ကြသောကာလမှာ ထိုထက်စောမည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံ ပျူခေတ် ဘီစီ ၅၀၀ မှ အေဒီ ၉၀၀ အထိကာလကို သံခေတ်ဟု ခေါ်ဆို နိုင်ပါသည်။ ပျူယဉ်ကျေးမှုမြို့ပြနိုင်ငံ များဖြစ်သော သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်းစသော ဒေသများတွင် ရှေးဟောင်း သံချက်ဖိုများကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံအရပ် ရပ်ရှိ သံချက်ဖိုကြီးများသည် သံထည်ပစ္စည်းများထုတ်လုပ်ရာ မူရင်းဌာနကြီးများ ဖြစ်ကြသည်။
ကမ္ဘာသုံးသံရိုင်းများ၏ လေးပုံသုံးပုံခန့်သည် ရေ၌ကျရောက်ခဲ့သော အနည်ကျသံများပင်ဖြစ်သည်။ ယင်းသံရိုင်း အလွှာများတွင် လှိုင်းတွန့်ရာ ကန့်လန့်ဖြတ်လွှာအင်စသော အနည်ကျ ကျောက်အနေအထားများကို တွေ့ရ၍ ယင်းတို့ သည် အတိတ်ဘူမိခေတ်များအတွင်းမှ ပင်လယ်ရေများ အနည်ထိုင်၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အနည်ကျသံများ တွင် ဟီမတိုက် ( Hematite )အဓိကပါဝင်၍ မဂ္ဂနက်တိုက် (Magnetite)၊ ပိုင်းရိုက်(Pyrite ) ၊ ဆိုဒ်ခရိုက်(Sider- ite) နှင့် ချာမိုဆိုက်(Chamosite )တို့လည်း အတော်အသင့် ပါဝင်ကြသည်။ ဟီမတိုက်သည် အနည်ကျချိုင့်ဝှမ်းအတွင်း အနားစွန်းပိုင်း(ရေတိမ်ပိုင်း)များတွင်လည်းကောင်း၊ ပိုင်းရိုက်သည် ချိုင့်ဝှမ်း အလယ်ပိုင်း(ရေနက်ပိုင်း)တွင်လည်းကောင်း ကျရောက်တတ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာမြေပြင်ရှိ ဒြပ်ဝတ္ထုများသည် အောက်စီဂျင်နှင့်ပေါင်းစပ်ပြီး အောက်ဆိုက်များ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဓာတုဖြစ်စဉ် များတွင် လေပါဝင်သော အောက်စီဂျင်နှင့် ရေခိုးရေငွေ့တို့က သံကိုထိတွေ့ရာမှ သံအောက်ဆိုက်များ ဖြစ်ပေါ်လာသည်။
သံသတ္တုရိုင်းတွင်းထွက်များ
သံသတ္တုရိုင်းတွင်းထွက်များစွာရှိသော်လည်း သံကိုအဓိက ထုတ်ယူနိုင်သည့် သံဓာတ်ကြွယ်ဝသည့် သံရိုင်းတွင်းထွက်များမှာ ဟီမတိုက်၊ မဂ္ဂနက်တိုက်၊ လီမွန်နိုက်နှင့် ဆီဒါရိုက် တို့ဖြစ်ပါသည်။ အနက်ရောင် ရှိသော မဂ္ဂနက်တိုက်သတ္တုရိုင်း တွင်းထွက်သည် သံပါဝင်မှု ၇၂ ရာခိုင်နှုန်း ပါဝင်သည်။ အနီ ရောင်ရှိသော ဟေမတိုက်သတ္တုရိုင်းတွင်းထွက်သည် သံပါဝင်မှု ၇၀ ရာခိုင်နှုန်း ပါဝင်သည်။ နီညိုရောင်မှ အနက်ရောင်ထိပါ ဝင်သော လီမွန်နိုက်သတ္တုရိုင်းတွင်းထွက်သည် သံပါဝင်မှု ၆၀ ရာခိုင်နှုန်း ပါဝင်သည်။ မီးခိုးရောင်မှ အညိုရောင်အထိပါဝင် သော ဆိုက်ဒရိုက်သတ္တုရိုင်းတွင်းထွက်သည် သံပါဝင်မှု ၄၈ ရာခိုင်နှုန်း ပါဝင်သည်။ သံဓာတ်ပါသော တွင်းထွက်များနှင့် ၎င်းတို့၏ ဓာတုဖွဲ့စည်းမှုမှာ (၁) သံဒြပ်စင်(Fe) (၂) ဟီမတိုက် (Fe2O3) (၃) မဂ္ဂနက်တိုက် (Fe3O4) (၄) လီမွန်နိုက် (Fe2 O3-2H2O) (၅) ဆီဒါရိုက် (FeCO3) (၆) ပိုင်းရိုက် (FeS2) (၇) တာရိုက် (Fe2O3-2H2O)ဖြစ်ပြီးသံဒြပ်စင် (Fe) ၏ အရည်ပျော်မှတ်မှာ ၂၈၀၂ ဒီဂရီဖာရင်ဟိုက်ဖြစ်၍ ရေဆူ အမှတ်မှာ ၄၉၆၀ ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်။
သံချက်ဖိုများ
သံချက်ဖိုများကို ကွင်းဆင်းရှာဖွေလေ့လာခဲ့ရာတွင် တည်ဆောက်မှုပုံသ္ဌာန်နှစ်မျိုး တွေ့ရသည်။ အဝိုင်းပုံ ထုလုံးရှည်ပုံစံတွင် အရှေ့ဘက်အောက်ခြေ၌ အဝိုင်းပုံလေဝင်ပေါက် ပါရှိသော ပုံသ္ဌာန်နှင့် လေးထောင့်ပုံသ္ဌာန်တို့ ဖြစ်ပါသည်။ သံချက်ဖို များတွင် လေပြင်းဖိုနှင့်သံချက်ဖိုဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ လေပြင်းဖိုများကို တောင်စောင်းပတ်လည်တွင် သုံးပေစီခန့်ခြား ၍ တွေ့ရသည်။ လေပြင်းဖိုများကို တည်ဆောက်ရာတွင် သဲဆန် သောမြေကို အသုံးပြု၍ အလိုရှိသည့် အရွယ်ပမာဏရရှိအောင် ဦးစွာပြုလုပ်ပြီး Iron Oxide ပါသော မြေနီများ (သို့) ခြတောင် ပို့မြေများကို လိမ်းကျံ၍ပြုလုပ်ထားကြောင်း တွေ့ရသည်။ လေဝင် လေထွက်ကောင်းစွာရသည့် အရပ်မျက်နှာဘက်သို့ အဝိုင်းပုံ လေဝင်ပေါက်ထားရှိသည်။
လေပြင်းဖို၏အပြင်ဘက်၌ လောင်စာ များစုပုံ၍ မီးတိုက်လိုက်သောအခါ အတွင်းအပြင်နှစ်ဖက်စလုံး၌ မီးကောင်းစွာကျက်သွားမည်ဖြစ်သည်။ ထိုလေပြင်းဖို၏ အပြင် နံရံမှာ ထူပြီးကြမ်းသဖြင့် မီးအုံးသည့်အပူရှိန်ကို စုပ်ယူထားနိုင် သည်။ လေပြင်းဖိုများကို လေတိုက်အားကောင်းသော Wind Power ကို ကောင်းစွာ အသုံးချနိုင်သော တောင်စောင်းပတ်လည် တွင် ရှစ်လုံး၊ ၁၃ လုံးအထိ ပြုလုပ်ထားတတ်ကြောင်း တွေ့ရ သည်။ လေပြင်းဖိုများနှင့် သံချက်ဖိုကို အချင်းနှစ်ပေရှိ ရွှံ့နှင့် ပြု လုပ်ထားသည့် လေပူမှုတ်ပြွန်ဖြင့် ဆက်သွယ်ထားသည်။ လေပြင်းဖိုအပြင်ဘက်တွင် လောင်စာ(ထင်း၊ မီး သွေး) များကို မီးရှို့လိုက်သောအခါ လေပြင်းဖိုအတွင်း လေများ သည် ပူ၍ပွကာ လေပူမှုတ်ပြွန်အတိုင်း အပေါ်သို့အင်အားပြင်းစွာဖြင့် တိုးဝင် သည်။ လေပြင်းဖို ရှစ်လုံး၊ ၁၃ လုံးတို့မှ ပြင်းထန်စွာ တိုက်ခတ် တိုးဝင်လာသော လေပူသည် သံချက်ဖိုကို မီးကောင်းစွာ ရရှိစေသည်။
တောင်ထိပ်ပိုင်း (Flat Area) တွင် သံချက်ဖိုကို မီးခံ အုတ်ဖြင့် ပြုလုပ်ထားသည့် မြင့်မားသော မတ်တတ်ဖိုကြီးများ ဖြစ်နိုင်ပါသည်။ အချင်းပေ ၃၀ ခန့်၊ အမြင့်ပေ ၉၀ မှ ၁၀၀ ခန့်အထိ မြင့်နိုင်ပါသည်။ ထုလုံးရှည်ပုံသ္ဌာန်ဖြစ်သည်။ သံချက်ဖိုကို အောက်ခြေမှထိပ်အထိ အောက်ခြေ၊ လည်တိုင်နှင့် ခေါင်းပိုင်း ဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။ ဖိုအောက်ခြေသည် သံရည်ပူများ စုပုံကျရောက်ရာ နေရာဖြစ်၍ ထူထဲစွာ ဆောက်လုပ် ထားသည်။ တစ်ပေါက်မှာ သံရည်ကိုထုတ်ယူရန်ဖြစ်၍ အခြားတစ်ပေါက်မှာ ချော်ရည်ချော်မြှုပ်များကို ထုတ်ပစ်ရန်ဖြစ်သည်။ အောက်ခြေနှင့် လည်တိုင်စပ်ကြားနေရာတွင် အပြင်ဘက်ပတ်လည်၌ လေပြင်းဖိုမှ လာသည့် လေပူမှုတ်သွင်းသည့် ပြွန်တပ်ဆင်ထားသည်။ ဖို၏ထိပ်၌ ကုန်ကြမ်းသတ္တုရိုင်း၊ ထုံးကျောက်၊ ကျောက်မီး သွေးထည့်ပေးရန် အပေါက်ကြီးရှိမည်ဖြစ်သည်
သတ္တုကျောက်ရိုင်းများ သန့်စင်မှု
ပထမဦးစွာ သတ္တုကျောက်ရိုင်းများကို ကြိတ်ချေလိုက် သောအခါ သတ္တုကျောက်ရိုင်းတွင်ရှိသော သတ္တုနှင့်တကွ သတ္တု မဟုတ်သည့် ပစ္စည်းများသည် အညစ်အကြေးများနှင့် တခြားစီ ကွဲထွက်ကုန်သည်။ ထိုအညစ်အကြေးများကို ရေဆေးထုတ် လိုက်ပြီးနောက် ထိုသတ္တုကို မီးဖြင့်အပူပေးလိုက်သောအခါ သတ္တုရိုင်းအမှုန်များ အရည်ပျော်၍ စုခဲလာပြီးအတုံးအခဲများ ဖြစ်လာကြသည်။ ထို့နောက်တွင်မှ သံရည်ကျိုရန် အတွက် ထိုသံအတုံးအခဲများ၊ ထုံးကျောက်၊ ကျောက်မီးသွေးတို့ကို ဖိုထဲသို့ ထိပ်မှနေ၍ တစ်ထပ်စီ ထည့်ပေးရသည်။ ဖိုထဲ၌ လိုအပ်သော ပစ္စည်းများ အဆင်သင့်ရောက်ရှိသောအခါ ကျောက်မီးသွေးကို အောက်ဘက်မှစတင်မီးရှို့ပေး၍ လေပြင်းဖိုမှ လေပူကိုမှုတ် သွင်းပေးခြင်းဖြင့် သံရည်ကျိုခြင်း စတင်သည်။ ထုံးကျောက်ကိုမူ သံရိုင်းအရည်ပျော်လွယ်အောင် ထည့်ပေးရခြင်းဖြစ်သည်။ ကျောက်မီးသွေးသည် ပြင်းထန် သော လေပူအရှိန်ကြောင့် လျင်မြန်စွာမီးလောင်၍ ကာဗွန်မိုနောက်ဆိုက်အဖြစ် ထွက်သွားသည်။ ကုန်ကြမ်း သတ္တုရိုင်းများ အရည်ပျော်၍ ဓာတ်ပြောင်းလဲ မှုအမျိုးမျိုးဖြစ်ပွားပြီး နောက်ဆုံးတွင် သံမှာအရည်ပျော်သွားပြီး မီးဖို၏အောက်ဆုံးနေရာသို့ ထိုင်ကျလေသည်။
ကျောက်မီးသွေးမှကာဗွန်သည် သံတွင်ပါရှိသော အောက် စီဂျင်နှင့် ပေါင်းစပ်ကာ သံကို သန့်စင်အောင် ပြုလုပ်ပေးသည်။ သံတွင်ပါဝင်သော အခြားအညစ်အကြေးတို့သည် အလွန်ပြင်းထန်သော အပူချိန်ကြောင့် အရည်ပျော်သွားပြီး ထုံးကျောက်နှင့် ပေါင်းစပ်သွားလေသည်။ ယင်းအညစ်အကြေးများသည် သံရည်ထက်ပေါ့၍ ချော်ရည်ချော်မြှုပ်များဖြစ်လာကာ သံရည်ပူပေါ်၌ ပေါလောပေါ်နေသည်။ ချော်ရည်ချော်မြှုပ်များကို ချော်ရည်ထုတ်ပေါက်မှ ထုတ်ပစ်ပြီး သံရည်ပူကို သံရည်ထုတ် ပေါက်မှ ထုတ်ယူ၍ အအေးခံလိုက်သောအခါ သံစိမ်းတုံးအခဲ များကို ရရှိသည်။သံချက်ဖိုမှ ထုတ်ယူရရှိသောသံကို သွန်းသံဟုခေါ်သည်။ သွန်းသံတွင် ၉၂ ရာခိုင်နှုန်းအထိ သံပါရှိသည်။ သွန်းသံတွင် ကာဗွန်အချိုးအစားမှာ ၂ ဒသမ ၆မှ ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိတတ်၍ ဆီလီကွန်အမျိုးအစားမှာ ထိုမျှလောက်နီးပါး ပါရှိ သည်။ ထို့အပြင် မဂ္ဂနိ၊ ဖော့စ်ဖောရပ်နှင့် ဆာလဖိတ်တို့ကဲ့သို့ အညစ်အကြေးများလည်းအနည်းငယ် ပါရှိသေးသည်။ သံတွင် ပေါင်းစပ်ပါရှိသည့် အညစ်အကြေးများကြောင့် အလွန်ကြွပ်ဆပ် သဖြင့် ပန်းပဲတွင် အသုံးပြုရန် မသင့်တော်သေးပါ။ သွန်းသံမှအညစ်အကြေးများကိုဖယ်ရှားရန်အတွက် မီးဖို ကြီးများတွင် သံရိုင်းအနည်းငယ်ရော၍ ကျိုပေးပြီး နာနာမွှေ ပေးရသည်။ ဆာလဖာနှင့် ဖော့စ်ဖောရပ်တို့သည် သံရိုင်းတွင် ပါရှိသည့် အောက်စီဂျင်နှင့်ပေါင်းစပ်၍ ချော်ဖြစ်သွားသည်။ ကာဗွန်မှာ အောက်စီဂျင်နှင့်ပေါင်းစပ်ပြီး ဓာတ်ငွေ့အဖြစ် ထွက်သွားပြီး ချွတ်သံကို ရရှိသည်။ ထိုသံကို ပန်းပဲတွင် ထုရိုက် ပုံသွင်း၍ လိုအပ်သော သံထည်ပစ္စည်းလက်နက်ကိရိယာများ ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ ထိုမီးဖိုမျိုးကို ဒုတိယအဆင့် မီးဖိုဟု ခေါ်ပါသည်။
သံထည်ပစ္စည်းများကို တွေ့ရ
မြန်မာနိုင်ငံတွင် မြို့ ပြယဉ်ကျေးမှုကို စတင်ခဲ့သူများမှာ ပျူလူမျိုးများဖြစ်သည်။ ပျူခေတ်သည် ကြေးခေတ်မှ သံခေတ် သို့ ကူးပြောင်းသောကာလတွင် ပေါ်ထွက်လာခြင်းဖြစ်၍ ပျော့ ပျောင်းသော ကြေးလက်နက်များ၊ ကိရိယာတန်ဆာပလာများ ထုတ်လုပ်ခြင်းမှ သံလက်နက်များနှင့် အခြားတန်ဆာပလာများ ထုတ်လုပ်ခြင်းသို့ ပြောင်းလဲလာခဲ့သည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော(ပင်လယ်)၊ တကောင်း၊ ကြံညှပ်၊ ဘိန္ဒက၊ လယ်ကိုင်း၊ မင်းဘူးစသော ပျူဒေသများတွင် သံလက်နက်များ၊ သံထည်ခွက်၊ လူသုံးကုန်ပစ္စည်းများ၊ လယ်ယာစိုက်ပျိုးထွန် ယက်သည့် ကိရိယာများ စသည်ဖြင့် သံထည်ပစ္စည်းများကို တွေ့ရသည်။
ပျူမြို့တော်ဟောင်းများအနက် သရေခေတ္တရာမြို့ဟောင်းသည် သံလက်နက်ပစ္စည်းကိရိယာများ အထုတ်လုပ် နိုင်ဆုံးဖြစ်ခဲ့၍ အဖွံ့ ဖြိုးအတိုးတက်ဆုံးဖြစ်ခဲ့ကြောင်းကို တူးဖော်မှုမှ ရရှိခဲ့သည့် သံမယ်နကြီးများ၊ သံချွန်၊ သံချိတ်၊ သံဓားများ၊ သံမှို၊ သံလှံတံ၊ သံတူရွင်း၊ သံဆင်ရုပ်စသည့် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများက သက်သေခံလျက်ရှိပါသည်။ ပျူခေတ်တွင် အသုံး ပြုခဲ့သော သံလက်နက်ကိရိယာတန်ဆာပလာများကို ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့အနီးရှိ သရေခေတ္တရာ မြို့ဟောင်း တောင်ဘက်မြင်ဗာဟု တောင်ကြောနှင့် မြို့ဟောင်း အရှေ့ဘက် ရှိ ပေါက်ခေါင်းမြို့နယ်တို့ရှိ သံချက်ဖိုများမှ ထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် ကျန်ရှိသော ပျူမြို့ဟောင်းဒေသများ တွင်လည်း သံချက်ဖိုများကို တွေ့ရှိနိုင်ပါသေးသည်။
ထိုကဲ့သို့ ပျူမြို့ ပြနိုင်ငံတိုင်းတွင် သံကိုကောင်းစွာထုတ်လုပ်နိုင်ခဲ့ပြီး သံထည်ပစ္စည်းများစွာ ထုတ်လုပ်သုံးစွဲခဲ့ကြ မည် ဖြစ်သည်။ ပျူခေတ်သံချက်ဖိုများသည် မြန်မာ့သမိုင်းတွင် သံခေတ်ကာလ အထောက်အထားများအတွက် အရေးကြီး သောကဏ္ဍမှ ရပ်တည်နေသည့်အတွက် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သည်။ သံချက်ဖိုများသည် မူရင်းအစစ်အမှန် ပစ္စည်းများကို မူလနေရာတွင် တစုတဝေး ဖြင့် တွေ့ရှိနိုင်သည့် လဟာပြင်ပြတိုက်သဖွယ် ဖြစ်နေသည်။သရေခေတ္တရာမြို့ဟောင်းနှင့် ပတ်ဝန်းကျင်မှတွေ့ရှိရသော သံချက်ဖို များသည် မြန်မာ့သမိုင်းတွင် သံခေတ်ကာလ အထောက်အထားများအတွက် အရေးကြီးသောကဏ္ဍမှ ရပ်တည်နေပါသည်။ သံချက်ဖိုပျံ့နှံ့တည်ရှိရာနေရာများ၊ သံချက် ဖိုတည်ဆောက်ပုံနှင့် ထုတ်လုပ်မှု နည်းစနစ်များ သိရှိနိုင်စေရန်၊ သံခေတ်ယဉ်ကျေးမှုအထောက်အထားများကို ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)မှ ဆရာ ဆရာမများက ရှာဖွေမှတ်တမ်းတင် လေ့လာခဲ့ပြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသံခေတ်၏ တန်ဖိုးကြီးမားသော လဟာနယ်ပြတိုက်တွင် နှစ်ရှည်လများ သဘာ၀ဘေးဒဏ်ကို ခံစားနေကြရသော ပျူခေတ်သံချက်ဖိုများရှိရာသို့ ကွင်းဆင်းဆောင်ရွက်မှုများကို အစဉ်အဆက်ပြုလုပ်ရင်း သံလက်နက်များထုတ်လုပ် ပေးသော ပျူခေတ်သံချက်ဖိုများမှ သံချော်ခဲများကို ပြည့်စုံတိကျသော စမ်းသပ်မှုများဖြင့် ပျူတို့၏သံခေတ်သက်တမ်းကို တွက်ချက်နိုင်သည့်အတွက် ထိုသံချက်ဖိုများသည် ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများဖြစ်၍ ထိန်းသိမ်းစောင့် ရှောက်သင့်ပါပေတော့သည်။ ။