ဘားအံ ၁၀ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးအတွက် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် သံလွင်မြစ် ရေလယ်ကျွန်းကျေးရွာများ ဖြစ်သော ရေပေါ်သောင်ကျွန်းကျေးရွာ၊ ကော့ဖျံကျွန်းကျေးရွာနှင့် သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ ကော့ဖြိုင်ကျေးရွာ၊ ဝတ်ကြီးကျေးရွာ၊ ထုံးတောင်ကျေးရွာ၊ သုံးအိမ်စုကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးလင်းရေးဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းနှင့် ရေလယ်ကျွန်းကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သုံးအိမ်ကျေးရွာတွင် 33/11KV 5MVA လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးခွဲရုံတစ်ရုံကို တည်ဆောက်လျက်ရှိပြီး မဲလန်ကျေးရွာမှ ဘန့်ဘွေးကုန်းကျေးရွာနှင့် ရွှေလူကျေးရွာထိ ၁၁ ကေဗွီဓာတ်အားလိုင်း ACSR 95m2 ၆ ဒသမ ၃ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ရွှေလူကျေးရွာမှ တော်သလေးခိုကျေးရွာထိ ၁၁ ကေဗွီဓာတ်အားလိုင်း ACSR 95m2 ၁ ဒသမ ၃ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ကော့ဖျံကျေးရွာထိပ်မှ ကော့ဖျံကျွန်းနှင့် ရေပေါ်သောင်ကျွန်းကျေးရွာထိ မြစ်ကျော် ၆၀၀ ပေနှင့် မြစ်ကျော် ၇၀၀ ပေ (၂)ခုအပါအဝင် ၁၁ ကေဗွီဓာတ်အားလိုင်း ၂ ဒသမ ၁ မိုင်နှင့် ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးစီ၊ ဘန့်ဘွေးကုန်းကျေးရွာမှ ဝတ်ကြီးကျေးရွာထိ ၁၁ ကေဗွီဓာတ်အားလိုင်း ACSR 95m2 ၃ ဒသမ ၁ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၂၀၀ ကေဗွီအေထရန်စဖော်မာ ၁ လုံး၊ မဲလံ-ဘန့်ဘွေးကုန်း ဓာတ်အားလိုင်းမှ သုံးအိမ်ကျေးရွာနှင့် မဲလံချောင်းဖျားကျေးရွာထိ ၁၁ ကေဗွီဓာတ်အားလိုင်း ၁ ဒသမ ၆ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး၊ ရွှေလူကျေးရွာမှ ခရစ်ကျဲကျေးရွာ၊ ဝါးဘိုးကျေးရွာ၊ သစ်ဖြူကျေးရွာ၊ သုခအေးကျေးရွာ၊ ကော်တရာကျေးရွာနှင့် ကော့ဖျံကျေးရွာအထိ ၁၁ ကေဗွီဓာတ်အားလိုင်း ACSR 95m2 ၅ ဒသမ ၅ မိုင်နှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၅ လုံးတို့ကို တည်ဆောက်တပ်ဆင်ပေးလျက်ရှိရာ 33/11KV 5MVA လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးသည်နှင့် အဆိုပါကျေးရွာများတွင် ၂၄ နာရီ လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)