ဘားအံ ၂၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာအချို့တွင် သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ UNICEF နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ UNICEF ၏ WASH in School အစီအစဉ်ဖြင့် ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် WASH လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ WASH လုပ်ငန်းစဉ်ကို လှိုင်ဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၉ ကျောင်းနှင့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းရှိ အမက ရေတွင်းကုန်း၊ အမက နတ်ကုန်းနှင့် အမက ငှက်ပျောတော တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
WASH လုပ်ငန်းစဉ်တွင် သန့်ရှင်း၍ ဘေးကင်းသောသောက်ရေရရှိရေး၊ သန့်ရှင်းရေးနှင့် အခြားသော ကိစ္စရပ်များ အတွက်သုံးရေရရှိရေး၊ အိမ်သာများနှင့် ဆီးသွားခန်း/ ဆီးခွက်များ ဖြည့်ဆည်းပေးရေး၊ လက်ဆေးရန်နေရာ ဖန်တီးပေးခြင်းနှင့် အလေ့အကျင့်ရရှိရန် ဆောင်ရွက်ပေးခြင်း၊ အသုံးပြုခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း၊ တစ်ကိုယ်သန့်ရှင်းရေးပညာပေးခြင်းနှင့် အပြုအမူ ပြောင်းလဲအောင် လေ့ကျင့်ပေးခြင်း၊ အမှိုက်များနှင့်ရေဆိုးများ စွန့်ပစ်မှုအတွက် စီမံခန့်ခွဲခြင်း၊ ကျောင်းရှိမုန့်ဈေး ဆိုင်များနှင့် အစားအစာ ပြင်ဆင်ချက်ပြုတ်ရာ နေရာများတွင် သန့်ရှင်းမှုကိုကြီးကြပ်ခြင်း တို့ပါဝင်ပြီး WASH လုပ်ငန်းများ အတွက် ပါဝင်ပတ်သက်သူ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် သော်လည်းကောင်း၊ စေတနာအလျောက် တာဝန်ယူ ဆောင်ရွက်ခြင်းဖြင့်သော်လည်ကောင်း ပါဝင်ဆောင် ရွက်ကြရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သင်တန်းများအဆင့်ဆင့်ပေး၍ ၂၀၂၀ ခုနှစ် ဇွန်လထိ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ ကလေးများအတွက် မှန်ကန်သောကျန်းမာရေးအကျိုးသက်ရောက်မှု အမြင့်ဆုံး အဆင့်ရရှိစေပြီး သန့်ရှင်း၍ဘေးကင်းသော သောက်ရေရရှိနိုင်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး WASH ဆိုင်ရာအခြေခံအရင်းအမြစ်များပြည့်စုံမှုနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ မှန်ကန်သည့် အမူအကျင့်များကို ကျောင်းတွင် ဆောင်ရွက်နေသကဲ့သို့ ကျောင်းမှအိမ် ထိုမှတစ်ဆင့် ရပ်ရွာ ပတ်ဝန်းကျင် ပျံ့နှံ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)