ရန်ကုန်            ဇူလိုင်   ၁၀
 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်  မြို့နယ် အတွင်း ရောဂါပိုးပျံ့နှံ့မှု လျော့နည်းကျဆင်းစေရေးအတွက် ဖျားနာ၊ အနံ့ပျောက် လူနာများအား ကုသပေးနိုင်ရန် Fever Clinic ဆေးခန်းကို ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) အထွေထွေရောဂါကု ဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) အထွေအထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

အဆိုပါ Fever Clinic ဆေးခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကာ ဆေးခန်းအား နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးပြီး ဖျားနာ၊ ချောင်းဆိုး၊ အာသီးယောင်လူနာများနှင့် အနံ့ပျောက်လူနာများအား ကုသပေးနိုင်ရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများဖြစ်ပွားလျက်ရှိရာ ပိုးတွေ့အတည်ပြုလူနာ ၅၇ ဦးအထိရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ လေးဦးအထိ ရှိလာသဖြင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)