သန်လျင်၊ ၂၉ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပဲခူးစုရပ်ကွက်ရှိ မြူခဝါရုံကန်(ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် စက်ယန္တရားကြီးများဖြင့် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
“လက်ရှိ ဒီကန်ကို မြေသားတူးဖော် ဆယ်ယူရေးလုပ်ငန်းနဲ့ ရေကန်သန့်ရှင်းရေးလုပ်ငန်းတွေ၊ မြေသားကန်ပေါင်ဖို့တာတွေကို စက်ယန္တရားကြီးတွေနဲ့ ဆောင်ရွက်နေပါတယ်၊ အဲ့ဒီမြေသား တူးဖော်တာတွေ ကန်ပေါင်ညှိတာတွေ ရေကန်သန့်ရှင်းရေးလုပ်ငန်းတွေ ပြီးရင်တော့ ပန်းအလှ စိုက်ပျိုးတာတွေနဲ့ ပြည်သူတွေအပန်းဖြေအနားယူဖို့ ထိုင်ခုံတွေ၊ အပန်းဖြေနေရာ အလှတွေကို အဆင့်ဆင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့် က ပြောပြသည်။
သန်လျင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် စည်ပင်သာရေးအဖွဲ့ပိုင် ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများအား သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)


