ရန်ကုန်   ၁၉   မတ်

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မဈေးကြီးတွင်  မတ် ၁၈ ရက် နံနက် ၉ နာရီက ဈေးသူ/ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ ဆောင်ရန်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ဈေးသူ/ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရေး ``ကျန်းမာရေးအတွက်လက်ဈေးပါ´´ ဆောင်ပုဒ်ဖြင့် လက်ဆေးနေရာ (၄) ခုတွင် လက်ဆေးဆပ်ပြာဆီများ ထားရှိပြီး လက်ဆေးရေများဖြင့် စနစ်တကျ လက်ဆေးနည်းများအား အသိပညာပေးခဲ့ကြောင်း သိရသည်။

     

ထို့နောက် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများသည် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးနှင့် ကပ်ရောဂါအသွင် ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင် ကူးစက်ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန်နှင့် သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)