ရန်ကုန် မတ် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၅၀ ကို ဆွမ်းဆန်တော်နှင့် စားသုံးဆီဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်၌ ကျင်းပသည်။

 

ဆွမ်းဆန်တော်နှင့် စားသုံးဆီဆက်ကပ်လှူဒါန်းပွဲတွင် ပင်မနယ်လှည့်သစ္စာဓိဋ္ဌာန် စတုဒိသာနတ်စင်တစ်ရာ ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇအား အမှူးထားပြီး သန်လျင်မြို့နယ် ဝါးကျောင်းဆရာတော်၊ စစ်စီးတောကျောင်းဆရာတော်နှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြသည်။

 

နတ်စင်တစ်ရာကျောင်းနှင့် အနီးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်များ ဆွမ်းကိစ္စ ပိုမိုအဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ စားသုံးဆီနှင့် နဝကမ္မ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း ကျောင်းပေါင်း ၅၅ ကျောင်းက ဆရာတော်များကို ပင့်ဖိတ်ပြီး ဆက်ကပ်လှူဒါန်းသည်။

 

ဆွမ်းဆန်တော်နှင့် စားသုံးဆီဆက်ကပ်လှူဒါန်းပွဲတွင် ပင့်သံဃာ တော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား နတ်စင်တစ်ရာဆရာတော်ကြီး၏ တပည့် ဒါယကာများက ဆွမ်းဆန်တော်များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)