ရန်ကုန် ဖေဖော်ဝါရီ ၂၆

 

သန်လျင်ခရိုင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးသွားသော အဂ္ဂမဟာရွှေမေတ္တာ လေးထပ်ဆွမ်းစားကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များ ကြွရောက်တော်မူကြပြီး အစီအစဥ်အရ အခမ်းအနားကို ဘုရားကန်တော့ဖွင့်လှစ်သည်။ ဆက်လက်၍ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) ပုဇွန်တောင်ဆရာတော်ထံမှ သီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။

 

ယင်းနောက် ဆွမ်းစားကျောင်းတော်ကြီး ဆောက်လုပ်ရေးတွင် ငွေကျပ် သိန်း ၅၀ နှင့်အထက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မင်းကျောင်းဆရာတော်ကြီး၊ တည်ဆောက်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများက ပေးအပ်ကာ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဓနာ တရားနာယူကြပြီး ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြသည်။

 

သန်းဝင်း(သန်လျင်)