ရန်ကုန် ၁၅ စက်တင်ဘာ
၂၀၁၉ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သန်လျင်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သန်လျင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူထံမှ ပေးပို့သော သဝဏ်လွှာအား သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ဦးဆန်းလင်းနိုင်က ဖတ်ကြားပြီး ဂုဏ်ပြုဆုများနှင့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအောင်လက်မှတ်များကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များထံ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးများ၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


