ရန်ကုန် ၁၁ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းတွင် ကိုရီးယားနိုင်ငံ SeokSung Scholarship Foundation မှ လှူဒါန်းသော အားကစားခန်းမသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားခန်းမအား သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ အလှူရှင် ကိုရီးယားနိုင်ငံ Scholarship Foundation မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အလှူရှင်များက စက်ခလုပ်နှိပ်၍ အားကစားခန်းမသစ်အား ဖွင့်လှစ်ပေးကြသည်။ အားကစားခန်းမအတွင်း နှစ်နိုင်ငံမှ တိုက်ကွမ်ဒို သရုပ်ပြ စွမ်းရည်ပြသခြင်းနှင့် အားကစားပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားအား ကျောင်းခန်းမအတွင်း ဆက်လက်ကျင်းပရာ ကျောင်သား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကိုရီးယားနိုင်ငံမှ အလှူရှင်များနှင့် တာဝန်ရှိသူများက အားကစားခန်းမဖွင့်လှစ်ရခြင်းနှင့် လှူဒါန်းရခြင်းတို့အား ရှင်းလင်းပြောကြားကြပြီး အားကစားရုံအပါအဝင် အလှူပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီးထံ ကိုရီးယားနိုင်ငံ အလှူရှင်များက ပေးအပ်သည်။

ထို့နောက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများက ကိုရီးယားနိုင်ငံ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အထိမ်းအမှတ်အလံများ ပေးအပ်ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ ကျောင်းသား၊ ကျောင်းသူလေးများက သီချင်းများဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)