ရန်ကုန်၊ ၈ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းတို့သည် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးတို့နှင့်အတူ သန်လျင်မြို့နယ် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြို့မတောင်ရပ်ကွက်ဖို့မြေလမ်း၊ သတိပဋ္ဌာန်လမ်းမကြီး AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေမှုများ၊ သတိပဋ္ဌာန်လမ်း ရေနုတ်မြောင်းနှင့် ပလက်ဖောင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်း စိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


