ရန်ကုန် ၄ ဧပြီ

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း နည်းပြသင်းတန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့ မဟာမဇ္ဈိမာရုံစာသင်တိုက် ရွှေဥကျောင်းဆောင်၌ ကျင်းပသည်။

 

 

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်တို့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း နည်းပြသင်တန်း ဖွင့်လှစ်ရခြင်းကို ရှင်းလင်း ပြောကြားသည်။

 

1

 

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါ ရှေးဦးပြုစုခြင်း နည်းပြသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် တိုင်းဒေသကြီး/မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၄ ရက်မှ ၁၁ ရက်အထိ ၈ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပိုချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)

 

1