တောင်ကြီး သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် မိထ္ထီလာ-တောင်ကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ်(၅/၂၈၂) သံလွင်တံတား(တာကော်) တည်ဆောက်မှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးရာ တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၂) သံလွင်တံတား (တာကော်) တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်က တံတားနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
သံလွင်တံတား(တာကော်)သည် သံမဏိသံပေါင် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ၃၅၁ မီတာ၊ ယဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် ၁ ဒသမ ၇၅ မီတာ၊ တံတားခံနိုင်ဝန် ၇၅ တန်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း ခန့်မှန်းထားကာ စီမံကိန်း ခန့်မှန်းတန်ဖိုး ငွေကျပ် သန်း ၂၆၃၅၀ ရှိကြောင်း သိရပြီး လက်ရှိတွင် ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးကြောင့် ပျက်စီးသွားသော ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် MTKT လမ်း ၉ မိုင်တံတားမှ ခမ်းမိုက်ဆော့-ပိန်းကောက်-မိုက်မော်-ကတ်ကျန့်-ပန်မုန့်လမ်း မိုင်တိုင်(ဝ/၀-ဝ/၁)ကြားတွင် တောင်ကျရေဖြင့် ပျက်စီးသွားသော (၁၂၀´×၁၄´) ပလောင်ကုန်းဆာ ကွန်ကရစ်တံတားအား 120´Bailey Temporary Bridge (80´D/S&40´S/S) တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား Mask၊ Handgel၊ ခေါက်ဆွဲခြောက်တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ မိုင်းပျဉ်းမြို့နယ်သို့ ရောက်ရှိကာ မိုင်းပျဉ်းမြို့နယ် ကိုဗစ် ကာကွယ်ရေးအဖွဲ့သို့ mask အခု ၂၀၀၀၀၊ Handgel ဘူး ၅၀၊ Face shield အခု ၅၀၀၊ PPE ၅၀၊ Surgical Gowns ၁၀၀၊ Surgical Cap ၁၀၀၊ Oxygenerator တစ်ခု၊ Para Tab ၁၀ ဘူး၊ VlTAC Tab ဘူး ၂၀၊ ဓာတ်ဆားထုပ် ၁၀၀၊ ငွေကျပ် ၁၀ သိန်းနှင့် မိုင်းပျဉ်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ငွေကျပ် ငါးသိန်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


