ဘားအံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၊ သံလှယ်လျှပ်စစ်မြစ်ရေတင် လုပ်ငန်းမှ ရေပေးဝေနိုင်သည့် အကျိုးပြုဧရိယာ အားလုံးကို ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရာနှုန်းပြည့် စိုက်ပျိုး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က အဆိုပါ မြစ်ရေတင် ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများတွေ့ဆုံပွဲမှ သိရသည်။
သံလှယ်လျှပ်စစ်မြစ်ရေတင် လုပ်ငန်းတွင် အကျိုးပြုဧရိယာဧက ၈၀၀ ရှိပြီး မိုးရာသီတွင် ရေဖုံးလွှမ်း၍ တောင်သူများ စိုက်ပျိုးလုပ်ကိုင်၍မရဘဲ ရေကျနောက်စိုက်နှင့် နွေစပါးကိုသာ အဓိကထား စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင် ဧက ၆၀၀ ခန့်ကို နွေစပါးနှင့် ဧက ၂၀၀ ခန့်ကို နှမ်း၊ ပဲအမျိုးမျိုးအစရှိသည့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်သွားမည်ဖြစ်ရာ မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ဖြန့်ဝေပေးထားပြီး စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစရှိသည့် ဌာနဆိုင်ရာများက တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများ တွေ့ဆုံရာတွင် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးက အကျိုးပြုဧရိယာ ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ထားမှု အခြေအနေများ၊ စက်မှုလယ်ယာနှင့် တောင်သူများ ပူးပေါင်း၍ မြေယာပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သံလှယ်ကျေးရွာ၊ ကော့ပန်ကုန်းကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးလုပ်ကိုင်ရန် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်း ဆွေးနွေးရာ တောင်သူများက ရေသွင်း၊ ရေထုတ်မြောင်းများနှင့် ကုန်ထုတ်လမ်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန၏ သံလှယ်မြစ်ရေတင် ဧရိယာအတွင်း RS-CS မျိုးစေ့ထုတ်စိုက်ခင်း (၅) ဧက၌ သံလှယ်မြစ်ရေတင် ဧရိယာအတွင်း နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ တင်ပြသည့် လိုအပ်ချက်၊ အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သံလှယ်မြစ်ရေတင် ဧရိယာအတွင်း ရေသွင်းရေနုတ်မြောင်း အဖြစ် အသုံးပြုလျက်ရှိသော မရမ်းချောင်းကောနေမှုအား အလျား ပေ ၆၀၀၀၊ အနက် ၉ ပေ၊ အကျယ် ပေ ၃၀ ပြန်လည်တူးဖော်နေမှုနှင့် အမှတ် (၉) လက်တံမြောင်းထိပ်၌ ဒေသခံတောင်သူများနှင့် ဘားအံမြို့နယ် မျိုးစေ့ထုတ်အသင်းတို့မှ နွေစပါးစိုက်ပျိုးရန် မြေယာပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဇာသပြင်ကျေးရွာ၊ ဂျိုင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်ကြပြီး ငါးမြစ်ချင်းကောင် ၁၂၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၃၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူကုန်းကျေးရွာ တောင်သူ ဦးဝင်းနိုင်၏ ရေကျနောက်စိုက် ၂၅ ဧကတွင် စက်မှုလယ်ယာ ဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်း (ဘားအံ) မှ Round Baller ကောက်ရိုးထုတ်စက်နှင့် Rotary Mulcher ရိုးဖြတ် ဖြတ်စက် သရုပ်ပြမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ ၁၂ ရပ်တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက် အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဆိုင်ရာများအား အကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရယ်ဆိုင်ရာများနှင့် ပြန်လည်တုံ့ပြန်ရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ လုံခြုံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၊ ကျန်းမာရေးစောင်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် နီပွန်ဖောင်ဒေးရှင်းမှ ပြည်နယ်အစိုးရအဖွဲ့သို့ မကြာမီလွှဲပြောင်းတော့မည့် ဘားအံစက်မှုဇုန်အနီးရှိ ပရဆေးဥယျာဉ်သို့ သွားရောက်ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဝန်ထမ်း လိုအပ်ချက်၊ ရေ-မီးလိုအပ်ချက်၊ စက်သုံးဆီလိုအပ်ချက် စသည်တို့အား ကြိုတင်ပြင်ဆင်ထားနိုင်ရေး တာဝန်ရှိသူများအား မှာကြာပြီး ဝဥအခြောက်ခံစက်၊ စတိုခန်း၊ ဓာတ်ခွဲခန်း၊ ပါကင်ထုပ်ပိုးခန်း တို့အား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ ပြည်သူ့ဓနကုမ္ပဏီလီမိတက် ပွင့်သစ်တိုး ဂျစ်(ပ်)ဆမ် သဘာဝကျောက်မှုန့် မြေဩဇာ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး စက်ရုံ ရှင်းလင်းဆောင်တွင် စက်ရုံးမှူးနှင့် တာဝန်ရှိသူများက ဂျစ်(ပ်)ဆမ် သဘာဝကျောက်မှုန့်မြေဩဇာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)