သံနှင့် သံမဏိလုပ်ငန်း စက်မှုဇုန်စီမံကိန်းကို စတင်နိုင်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခုတွင် လေ့လာမှုများ ဆောင်ရွက်လျက်ရှိ

၂၈  ဖေဖော်ဝါရီ

 

သံနှင့် သံမဏိလုပ်ငန်း စက်မှုဇုန်စီမံကိန်းကို စတင်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် လေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း (MSA) ဥက္ကဌ ဦးစစ်တိုင်းအောင် က ပြောသည်။

 

အဆိုပါ သံနှင့် သံမဏိစက်မှုလုပ်ငန်း စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက်  ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လေ့လာမှုများ လုပ်ဆောင်နေကြောင်း၊ စီမံကိန်းကို လေ့လာမှုများ လုပ်ဆောင်ပြီးပါက အချိန် ၃ နှစ်မှ ၅ နှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၂.၅) သန်းရှိပြီး ယင်းအနက် ၉၂ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ လာမည့် ၂၀၃၀ ခုနှစ်တွင် သံမဏိလိုအပ်ချက်မှာတစ်နှစ်လျှင် တန်ချိန် (၅.၄) သန်းခန့် တိုးတက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်း(MSA) ထံမှ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့်  ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ သံမဏိတင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၇၀၀  ရှိကြောင်း သံမဏိလုပ်ငန်းရှင်များအသင်း (MSA) ထံမှ သိရသည်။

 

ထို့ကြောင့် သံမဏိလိုအပ်ချက်ကို ပြည်တွင်း၌ပင် စနစ်တကျ အစားထိုးထုတ်လုပ်နိုင်ပါက သံမဏိကဏ္ဍ သည် တိုင်းပြည်အတွက် အမျိုးသားအကျိုးစီးပွားကို တိုးတက်စေမည့် အထောက်အကူဖြစ်စေသည့် strategic industry တစ်ခု ဖြစ်လာမည်မှာ မုချဧကန်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း (Economy Growth Index) ကို တိုင်းတာရာတွင်လည်း တိုင်းတာသည့် အညွှန်းများအနက် သံမဏိသုံးစွဲနှုန်း (Steel Consumption) သည် တစ်ခုအပါအ၀င် ဖြစ်ကြောင်း ဦးစစ်တိုင်းအောင် က ဆက်ပြောသည်။

 

သို့ဖြစ်၍  သံမဏိလိုအပ်ချက်အတွက် MSA အသင်းမှ အမှုဆောင်အဖွဲ့၀င် (၁၁) ဦးက အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MSA Public Co.,LTD) ကို ဖွဲ့စည်းတည်ထောင်ပြီး လက်ရှိ ပြည်ပသံမဏိ တင်သွင်းမှုမှ နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီကာ စီးထွက်လျက်ရှိသည့် တိုင်းပြည်ဘဏ္ဍာ ငွေများ သက်သာစေရန်၊ တိုင်းပြည်၏သံမဏိလုပ်ငန်းအပါအ၀င် စက်မှုလုပ်ငန်းကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် တိုင်းပြည်၏ အခြေခံအဆောက်အဦ တည်ဆောက်ရေးတို့တွင် အထောက်အကူပြုရန်ရည်ရွယ်၍ သံနှင့်သံမဏိလုပ်ငန်း စက်မှုဇုန်စီမံကိန်းတစ်ခုကို စတင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

“စီမံကိန်း အကောင်အထည်ဖော်မယ့် နေရာဒေသရော အဲဒီဒေသက ဒေသခံတွေပါ စီမံကိန်းကြောင့် ပိုမို စည်ပင်ဖွံ့ဖြိုးလာဖို့၊ စီမံကိန်းကရရှိမယ့် အကျိုးအမြတ်ကိုလည်း တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးမှာပါ အကျိုးရှိရှိ ထည့်၀င်နိုင်ဖို့၊ စီမံကိန်း ဧရိယာနားတစ်ဝိုက်က ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးပေးပြီး အသက်မွေး၀မ်းကျောင်း ပညာရပ်အသစ်တွေကိုလည်း သင်ကြားပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဥက္ကဌ ဦးစစ်တိုင်းအောင် က ပြောသည်။

 

ထို့ပြင်  MSA အသင်း၏ ရည်မှန်းချက်များအနက် တစ်ခုဖြစ်သည့် အစိမ်းရောင်စက်မှုလုပ်ငန်းအဖြစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရန်၊ လူမှုစီးပွားရေး ဘဝတိုးတက်ရန်အတွက် EIA (Environmental Impact Assessment) နှင့် SIA (Social Impact Assessment) တို့ထက် ပိုမိုကျယ်ပြန့် အရေးပါသည့် Strategic Environmental Assessment (SEA) ကို စီမံကိန်းမစတင်မီကျွမ်းကျင်သည့်ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သံမဏိကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ရေရှည်စံမံကိန်းဖြစ်သည်နှင့်အမျှ အစိုးရအနေဖြင့်လည်း အခွန်အခ သက်သာခွင့်၊ မြေနေရာရရှိမှု၊ တရားမ၀င်တင်သွင်းမှုများထိန်းချုပ်နိုင်မှု၊ Anti-dumping ဥပဒေအသက်၀င်မှု၊ သံ သံမဏိမူဝါဒချမှတ်ရေး စသည်တို့ကို ပံ့ပိုးပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း (MSA) ထံမှ သိရသည်။

 

“ပြည်တွင်းသံမဏိကဏ္ဍဟာ infrastructure industry လို့ခေါ်တဲ့ အခြေခံအဆောက်အဦဆိုင်ရာ စက်မှုလုပ် ငန်းတစ်ခုဖြစ်တာနဲ့အညီ တိုင်းပြည်တည်ဆောက်ရေးအတွက်ရော နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက်ပါ အရေးပါလှတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်၊ ဒီစီမံကိန်းဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်ရေးအတွက်ရော တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုရဲ့ ရေရှည်အလားအလာအတွက်ပါ မရှိမဖြစ်အကောင် အထည်ဖော်သင့်တဲ့ စီမံကိန်းဖြစ်တာကြောင့် အောင်အောင်မြင်မြင် ပေါ်ပေါက်လာစေချင်ပါတယ်” ဟု ဦးစစ်တိုင်းအောင် က ပြောသည်။

 

မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းအနေဖြင့်  အသင်း၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့်  မြန်မာနိုင်ငံနှင့် ကိုက်ညီသော Industrial Standards များ ဖွံ့ဖြိုးလာရန်၊ steel library နှင့် steel laboratory များပေါ်ပေါက်လာစေရန်၊ အချက်အလက်များ ဖြန့်ဖြူးဝေပေးရန်နှင့် သံမဏိကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း (MSA)ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာကိစ္စရပ်များကို မြှင့်တင်ဆောင်ရွက်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏လူမှုစီးပွားတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးတို့ကို အခြေခံ၍ ပံ့ပိုးကူညီရန်၊ အခြေခံအဆောက်အအုံ ဆိုင်ရာ စက်မှုလုပ်ငန်းများ (Infrastructure Industries) များအနက် ပထမဦးစား ပေးလုပ်ငန်းဖြစ်သည့် စံချိန်စံညွှန်း၊ နည်းပညာထုတ်လုပ်မှုစွမ်းရည်၊ အထောက်အကူပြုရန်၊ တွေ့ကြုံရမည့်အခက်အခဲများနှင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟော ပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပေးရန်၊ အစိမ်းရောင်စက်မှုလုပ်ငန်းအဖြစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အထောက်အကူပြု လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်နှင့် စက်မှုလုပ်ငန်းများ၏ အကျိုးဖြစ်ထွန်းမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဘဝအပေါ် သက်ရောက်မှုရှိစေရန်အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်မီသော လုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် အလားအလာရှိသော မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် MSA အသင်းအနေဖြင့် နိုင်ငံတော်က ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့် National Standardization Committee တွင်လည်း အဖွဲ့၀င်အဖြစ် ပါ၀င်ဆောင်ရွက်လျက်ရှိသည်။

 

ငြိမ်းငြိမ်း