နေပြည်တော် ၂၁ ဇွန်
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်မှ ကြီးမှူး၍ ကျင်းပသည့် (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် Online Zoom Cloud Meeting နှင့် SDSS Myanmar Facebook Page လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က Zoom Cloud Meeting မှတစ်ဆင့် ပြောကြားရာတွင် သနန္တနဓမ္မပါလကအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ Zoom Cloud Meeting ဖြင့် ကြည့်ရှုလျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ၊ ဟိန္ဒူဘာသာ ရေးခေါင်းဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိန္ဒူဘာသာဝင် ဓမ္မမိတ်ဆွေများနှင့် ဧည့်ပရိသတ်များကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေရန် ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “Yoga at Home and Yoga with Family” ဖြစ်သည့်အတွက် မိသားစုနှင့်အတူ ယောဂလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ် သက်ရောက်စေသောကြောင့် ယနေ့ကာလနှင့်လည်း အလွန်သင့်မြတ်သည့် ဆောင်ပုဒ်တစ်ခုဖြစ်ကြောင်းကို ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ယောဂလေ့ကျင့်ခြင်းသည် မိမိကိုယ်ကို ယုံကြည်စိတ်၊ သည်းခံနိုင်စိတ်နှင့် စိတ်၏တည်ငြိမ်ခြင်း စသည့် အရည်အသွေးများ တိုးပွားလာစေခြင်း၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်း ကြံ့ခိုင်လာခြင်း၊ သွေးလည်ပတ်မှု မှန်ကန်စေခြင်းတို့အပြင် မှတ်ဉာဏ် ကောင်းခြင်း၊ မျက်လုံးအားကောင်းခြင်း စသည့်ကောင်းကျိုးများကိုလည်း ရရှိစေနိုင်ပြီး အဆီကျ၍ ကိုယ်ခန္ဓာ သွက်လက်ပေါ့ပါးလာသည့်အတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားများကို သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်မှ ကြီးမှူး၍ ဟိန္ဒူဘာသာဝင်များ၏ စည်းရုံးမှုတို့ဖြင့် နှစ်စဉ်ခမ်းနားထယ်ဝါခြင်း၊ ညီညွတ်ခြင်းများနှင့်အတူ ကျင်းပနိုင်ပါစေ၊ ယောဂကျင့်စဉ်လေ့ကျင့်ခန်းမှ ဖြစ်ထွန်းလာသည့် ကာယခွန်အား၊ ဉာဏခွန်အားများသည် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယအပိုင်းအစီအစဉ်တွင် မင်္ဂလာဆီမီးထွန်းညှိခြင်း၊ အမြိုက်ဝစန ဖတ်ကြားခြင်း၊ သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆူ(ရ်)ယ နမ(စ်)ကာ(ရ်) ရက်သတ္တပတ် အကြောင်း အစီရင်ခံတင်ပြခြင်း၊ ယောဂသရုပ်ပြသခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး က အမှာစကားပြောကြားခြင်း၊ သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ငါးပါးသီလ နှင့် ပတ္ထနာ ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


