မောင်မောင်ကျော်
ဆောင်းပါးခေါင်းစဉ် ဖတ်မိလျှင် “လျှပ်စစ်မီးတွေ သည်လောက်ပျက်နေတာ၊ အလှည့်ကျမီးပေးနေတာ၊ ဘယ်လို လုပ်ချွေတာရမှာလဲ”ဟုလည်းကောင်း၊ “ဒါနပြုတယ်ဆိုမှ(လှူမှ) ငွေကုန်မှာပေါ့၊ ဘယ်လို ချွေတာရာရောက်မှာလဲ”ဟု လည်းကောင်း စာဖတ်သူတို့အနေဖြင့် တွေးကောင်းတွေးမိပါလိမ့်မည်။
စင်စစ် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား မလုံလောက်ချိန်၊ လျှပ်စစ်ဓာတ်အား လိုအပ်နေချိန်မှသာ လျှပ်စစ်ဒါနပြုခွင့် ရသည်ဖြစ်၍ “ကာလဒါန”အစစ်ဖြစ် ပေသည်။
လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်ရချိန်တွင်မူ လျှပ်စစ်ဒါနပြုရာမရောက်တော့ပါ။ သို့သော်လည်း လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲခြင်းဖြင့် ကျသင့်သည့် ဓာတ်အားခ (မီတာခ) လျော့နည်းသွားမည်ဖြစ်၍ ချွေတာခြင်းကြောင့် ငွေကြေး ကုန်ကျမှုသက်သာမည်ဖြစ်ရာ အကျိုးရှိပါပေသည်။ အစစအရာရာ ရှားပါးနေချိန် ဝယ် ငွေပိုငွေလျှံထွက်လာမည် ဖြစ်ပေသည်။
၉၇၀ မဂ္ဂါဝပ်ခန့် လျော့နည်း
ယခုလောလောဆယ် အခြေအနေတွင် လျှပ်စစ်ဓာတ်အား ၉၇၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေသည့်အပြင် ပြီးခဲ့သော မိုးရာသီ၌ မိုးရွာသွန်းမှုနည်းပါးခြင်း ကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိ ရေလှောင်တမံများသို့ ရေ ဝင်ရောက်မှုနည်းပါးခဲ့သည်။
ရေလှောင်တမံများ၌ ရေဝင် ရောက်မှုနည်းပါးသဖြင့် မူလစက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား မထုတ်လုပ် နိုင်ပေ။ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းချိန်ဝယ် ဓာတ်အားလိုအပ်ချက် များပြားလေရာ ထွက်ရှိသမျှ လျှပ်စစ်ဓာတ်အားဖြင့် အဆင်ပြေစေရန်အတွက် လောလောဆယ် “အလှည့်ကျ” ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိသည်။ “ယာယီ” “ခေတ္တ”၊ ခဏမျှသာဖြစ်သဖြင့် စိုးရိမ် ပူပန်ရန်မလို။ ချွေတာသုံးစွဲခြင်းဖြင့်သာ ဝိုင်းဝန်းကူညီကြရန် လိုပါသည်။
အပူတပြင်း ပြင်ဆင်ဆောင်ရွက်
ဖျက်ဆီးခံရသော တာဝါတိုင် ၂၂ တိုင်ကို ပြုပြင်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရန် အပူတပြင်း ပြင်ဆင် ဆောင်ရွက်နေသလို တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ အခြားအစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား အပြည့်အဝမပေး နိုင်သောအချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများ နားလည်သဘောပေါက်ပြီး “ပိုသူလှူ လိုသူယူ” ဆိုသကဲ့သို့ လျှပ်စစ် ဓာတ်အားသုံးစွဲခွင့်ရသူများက မိမိတို့သုံးစွဲခွင့်ရသည့်အချိန်တွင် လျှပ်စစ်ဓာတ်အား လိုအပ်နေသူများသို့ အထောက်အကူပြုရန်အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲ မှုကို လျှော့ချသုံးစွဲ (ချွေတာ) သင့်ပါသည်။
“နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး”ဟု ဆိုငြားသော်လည်း တစ်စေ့ချင်းသော နှမ်းများ စုပေါင်းကြိတ်ခွဲရာမှ လိုအပ်သော “ဆီ” ရသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် တစ်အိမ်ထောင်စီ ချွေတာသုံးစွဲလိုက်သော လျှပ်စစ်ဓာတ် အားများကို စုပေါင်းလိုက်ပါက လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျ နေချိန်တွင် များစွာအထောက်အကူပြုနိုင် ပါသည်။
ယခုခေတ်တွင် တစ်အိမ်တည်း၌ တီဗွီသုံးလုံး၊ လေးလုံး၊ ရေခဲသေတ္တာ (တချို့အိမ်ဆိုလည်း ရေခဲသေတ္တာ အနည်းဆုံး နှစ်လုံး)၊ အဝတ်လျှော်စက်၊ Air con တစ်လုံးမှ လေးလုံးလောက်၊ Air cooler ၊ ရေစုပ်စက်၊ ရေပန့် စသည် ဖြင့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းအမျိုးမျိုးတို့ကို ငွေကြေးတတ်နိုင်လျှင် တတ်နိုင် သလောက် စိတ်တိုင်းကျသုံးစွဲနေကြပေသည်။

အလျှံအပယ်၊ ပေါပေါများများ သုံးနေကြ
စတိုးဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ မီနီမားကတ်များ၊ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများဆိုလျှင် လျှပ်စစ်ဓာတ်အားများကို အလျှံအပယ်၊ ပေါပေါများများ၊ လင်းလင်းထိန်ထိန် သုံးနေကြရာ အိမ်သာမှာပင် ခေတ်မီလျှပ်စစ်ပစ္စည်းများ မလွတ်ပါ။
ဤကဲ့သို့ အလျှံပယ်သုံးနေကြသော လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများကို ယခုလောလောဆယ် လျှပ်စစ်ဓာတ်အား လိုအပ်နေချိန်တွင် “ဓာတ်အားမျှပေး-ကုသိုလ်ရေး”ဟူသော စိတ်စေတနာဖြင့်၊ မေတ္တာစိတ်ဖြင့် တတ်နိုင်သရွေ့ လျှော့သုံးကြပါက နိုင်ငံတော်တွင် လက်ရှိကြုံတွေ့နေရသော၊ ရင်ဆိုင်နေရသော “လျှပ်စစ် ဓာတ်အားမလုံလောက်မှု” သို့မဟုတ် “လျှပ်စစ်ဓာတ်အား လျော့နည်းမှု”ကို အထိုက်အလျောက် အထောက်အကူ ပြုမည်သေချာပါသည်။
လျှပ်စစ်ဓာတ်အား ချွေတာရာရောက်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်ပတ်သက်၍ ချုပ်ချယ်ကန့်သတ်မှုမရှိဘဲ “ကြိုက်သလောက်သုံး-ကျသလောက်ပေးစနစ်”ဖြင့် လွတ်လွတ်လပ်လပ် စိတ်ကြိုက်သုံးစွဲခွင့် ပြုထားသော်လည်း ယခုအခါ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြရန် မလိုအပ်သည့်မီးများ၊ လူမရှိသော အခန်းများတွင် လျှပ်စစ်မီးထွန်းထားခြင်းများ၊ လူမရှိဘဲ လေအေးပေးစက်များ ဖွင့်ထားခြင်းများ၊ မလိုအပ်ဘဲ တစ်ညလုံး မီးထွန်းထားခြင်းများ၊ ရေတင်ရန် ရေစက်မောင်းထားပြီး မေ့နေ၍ ရေလျှံမှ ရေမော်တာပိတ်ရခြင်းများကို သတိထားပြီး ရှောင်ရှားကြခြင်းဖြင့်လည်း လျှပ်စစ်ဓာတ်အား ချွေတာရာရောက်ပါသည်။
လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသူတို့က မိမိတို့ ရရှိသုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားကို တတ်နိုင်သည့်ဘက်မှ လျှော့သုံးခြင်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲလိုသူများသို့ မျှဝေရာ၊ လှူဒါန်းရာ ရောက်ပါသည်။ ထို့အပြင် အလင်းရောင် ပိုရပြီး မီးအားအစားနည်းသည့် ခေတ်ပေါ် LED မီးလုံးများ၊ မီးကွေးများကို လဲလှယ်သုံးစွဲရုံဖြင့် လျှပ်စစ်ဝန်အား လျော့ပါးလာရုံမျှမက လျှပ်စစ်မီတာခပါ သက်သာလာမည်ဖြစ်ပါသည်။

ခွဲဝေလှူဒါန်း
“ညောင်စေ့လောက် လှူပေမယ့်ညောင်ပင်လောက်ရသည်” ဟူသော စကားကဲ့သို့ မိမိတို့ သုံးစွဲခွင့်ရသောအချိန်တွင် မိမိတို့သုံးစွဲနေသော လျှပ်စစ်ဓာတ် အားသုံးပစ္စည်းများကို လိုမှသုံးခြင်း၊ မီးလုံး၊ မီးချောင်းများကို LED မီးလုံးများ ဖြင့် လဲလှယ်သုံးစွဲခြင်း၊ မလိုအပ်သည့် နေရာများတွင် သုံးစွဲထားသည့် လျှပ်စစ် မီးများကိုပိတ်ထားခြင်း၊ လိုသလောက် သာသုံးခြင်းဖြင့် ပိုလျှံလာမည့် လျှပ်စစ် ဓာတ်အားများကို ဓာတ်အားလိုအပ်သူ များသို့ ခွဲဝေလှူဒါန်းရာရောက်သဖြင့် သည်အချိန်မှာချွေတာခြင်းဖြင့် လျှပ်စစ်ဒါနပြုကြပါဟု တိုက်တွန်းကာ “လျှပ်စစ်နိဗ္ဗာန်ဆော်” လုပ်လိုက်ရပါ တော့သတည်း။
ကျမ်းကိုး
၆.၄.၁၉၉၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ “ချွေတာခြင်းဖြင့် လျှပ်စစ် ဒါနပြုကြပါ” ဆောင်းပါး
၂၃.၃.၂၀၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ လျှပ်စစ်သတင်း