ရှုပ်ထွေးစည်ကားနေလေ့ရှိသည့် ရန်ကုန်မြို့၊ လမ်းများပေါ်တွင် ကျပ်တည်းနေသော ကားများဖြင့် ပြည့်နေသည့် ရန်ကုန်မြို့သည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်ကျဲပါးသွားသည်။ လူသွားလူလာရှင်း၊ ကားသွားကားလာရှင်းဖြစ်နေသည့် အဓိကအကြောင်းအရင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တစ်ကျော့ပြန် ပြန့်ပွားကူးစက်မှု မြန်ဆန်လာပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရေအတွက် နေ့စဉ်တိုးမြင့် များပြားလာမှုကြောင့် အိမ်ပြင်ထွက်သူ သိသိသာသာ လျော့ကျ သွားခြင်းဖြစ်၏။
ရောဂါပိုးပြန့်ပွားကူးစက်မှုများပြားလာခြင်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သော်လည်း လူအများ ကျန်းမာရေးအသိနိုးကြားနေပြီး သတိဖြင့်နေထိုင်ကြခြင်း၊ သက်ဆိုင်ရာက ကြေညာထားသည့် စည်းမျဉ်းဥပဒေများကို လိုက်နာစောင့်ထိန်းကြခြင်းတို့သည်ကား ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် အားတက်စရာဟု ဆိုရပါမည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ပြန်လည်ထကြွလာမှုက ကမ္ဘာနှင့်အဝန်း ဖြစ်လာနေသည်။ ရောဂါပိုးကင်းစင်ပြီဟု ယူဆနေကြ သည့် တရုတ်နိုင်ငံ၌ ပိုးတွေ့လူနာအချို့ပြန်လည်တွေ့ရှိလာသကဲ့သို့ ဥရောပနိုင်ငံများတွင်လည်း ပြန်ပေါ်လာနေ၏။ အိန္ဒိယတွင် ယခု စက်တင်ဘာလအတွင်း၌ နေ့စဉ် ပိုးတွေ့လူနာသစ် တစ်သိန်းနီးပါး ခန့် တွေ့နေ၏။
မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁၅ ရက်အထိ ပိုးတွေ့လူနာ ၃၅ဝဝ ကျော် ရှိပြီဖြစ်၏။ နေ့စဉ် တိုးမြင့်လာနေသည့် ပိုးတွေ့ လူနာအရေအတွက်က ရာဂဏန်း။ ယနေ့ဆိုလျှင် လူနာသစ် ၃၀၇ ဦး။
သေဆုံးသည့် အရေအတွက်ကလည်း ချက်ချင်းဆိုသလို ခုန်တက်မြင့်မားနေ၏။ ယခုဆိုလျှင် ၃၅ ဦး ရှိခဲ့ပြီ။ အများအားဖြင့် အသက်အရွယ်အားဖြင့် ကြီးရင့်သူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါအခံရှိသူများ ပိုမိုထိခိုက်သည့် လက္ခဏာကို တွေ့ရ၏။
အနီကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးက မျိုးဗီဇအသွင် ပြောင်းလဲ မှုရှိခဲ့ပြီး ပိုမိုကူးစက်ပြန့်ပွားလွယ်သည်ဟု လည်းကောင်း၊ ထိခိုက်မှု ပိုမိုပြင်းထန်သည်ဟုလည်းကောင်း သုတေသီတို့က မှန်းဆထား၏။
ယခုအခြေအနေသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရှင်သန်မှုကို မထိခိုက်ရေးတို့အတွက် အရေးကြီးသည့် အချိန်ဖြစ်ပါသည်။
ယနေ့အချိန်ထိ စိတ်ချလက်ချ အသုံးပြုနိုင်သော အတည်ပြုကာကွယ်ဆေး မရရှိသေးသည့်အတွက် လက်တွေ့အားဖြင့် သို့တည်းမဟုတ် လက်ငင်းကာလအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်များကို လိုက်နာစောင့်ထိန်းကြရန်လိုပါသည်။ လူစုလူဝေးမပြုလုပ်ခြင်း၊ လူချင်းဆက်ဆံပြောဆိုရာတွင် ကာယကံ မြောက် နီးကပ်ထိစပ်မှုကို လုံးဝရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ခြောက်ပေအကွာအဝေးမှသာ ပြောဆိုခြင်း၊ စနစ်တကျဖြင့် မကြာခဏ လက်ဆေးခြင်း၊ အပြင်သွားလာရပါက မျက်နှာဖုံးနှာခေါင်းစည်းတို့ကို မပျက်မကွက်တပ်ဆင်ခြင်း စသည်တို့ကို အလေးထားလိုက်နာကြရန် လိုပါသည်။
ရွေးကောက်ပွဲကာလ နီးကပ်လာပြီး နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် စတင်ခွင့်ပြုထားသော ကာလဖြစ်သည့် အားလျော်စွာ နိုးကြားတက်ကြွနေကြသည့် အချို့သော ပြည်သူလူထုအစိတ်အပိုင်းတို့ကို နိုင်ငံအနှံ့တွင် တွေ့မြင်လာရသည်လည်း ရှိပါ၏။
ရွေးကောက်ပွဲသည် နိုင်ငံရေးအပြောင်းအလဲအတွက်၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါသည်မှန်သော်လည်း လူတို့၏ အသက်ဘေးအန္တရာယ်မထိခိုက်ရန်က ပိုမိုအလေးထားရမည် ဖြစ်ပါ သည်။ ထို့ကြောင့် နိုင်ငံတွင်းရှိသူအားလုံးသည် စည်းမျဉ်းဥပဒေ များကို အထူးလိုက်နာကြရန်လိုပါသည်။ အထူးသဖြင့် ကပ်ရောဂါ ဘေးနှင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများကို တိတိကျကျ လိုက်နာကြရန်လိုသည်ဟု ယခုလိုအချိန်တွင် နှိုးဆော်လိုပါသည်။ လက်ငင်းကာလ အရေးကြီးဆုံးမှာ ရောဂါပိုးပြန့်ပွားကူးစက်မှုကို လျှော့ချနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေး၊ အသက်ရှင်သန် ရေးဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ ရေရှည်အကျိုးကိုမြော်မြင်၍ အတတ်နိုင်ဆုံး အိမ်တွင်း၌သာ သည်းခံနေထိုင်ကြကာ အချိန်ကာလတစ်ခုကို တောင့်ထားရင်ဆိုင်ကြခြင်းဖြင့် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော်လွှားကြပါစို့။ ။
မြန်မာ့အလင်း