သံဖြူဇရပ် ၃၀  ဇန်နဝါရီ

 

နွေရာသီကာလ ရေတွင်းရေကန်များ ရေခမ်းခြောက်မှုကြောင့် ရေပြတ်လပ်မှု မရှိစေရေးအတွက် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၉ ဒသမ ၉) ကျပ်သန်းဖြင့် အကောင်အထည့်ဖော် ဆောင်ရွက်လျှက်ရှိသော မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ကျေးရွာတွင် တွင်းနက်တူးဖော်ရေး လုပ်ငန်းကို ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ အင်ဂျင်နီယာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

သံဖြူဇရပ်မြို့နယ်၊ ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ကျေးရွာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ (၉ ဒသမ ၉ ) ကျပ်သန်းဖြင့် တင်ဒါအောင် တော်ဝင်ခေတ်သစ် ကုမ္ပဏီက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှ တွင်းနက်တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာများဖြစ်သည့် ဒေါ်ဇင်မာသင်း၊ ဒေါ်စန်းမို့မို့သူ၊ ဒေါ်ဆုမြတ်မွန်နှင့် အကြီးတန်းစာရေး ဉီးသီဟအောင် တို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အဆိုပါဝယ်ကဝါ ကျေးရွာအုပ်စုရှိ အောင်ကုသိုလ်ကျေးရွာတွင် အိမ်ခြေ (၂၆၀) ကျော်ခန့်၊ လူဉီးရေ (၁၀၉၈) ဉီးရှိပြီး နွေရာသီတွင် သောက်သုံးရေရှားပါးလျှက်ရှိကြောင်း၊ အဆိုပါတွင်းနက် တူးဖော်ရေးလုပ်ငန်းများ အောင်မြင်စွာ တူးဖော်ပြီးစီးပါက ကျေးရွာနေပြည်သူများ နွေရာသီရေရှားမှုမှ ကင်းဝေးကာ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြင့်ဦး(မြိတ်)