နေပြည်တော် ၃ အောက်တိုဘာ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅၂) ရွာ၌ ပြည်သူများ သောက်သုံးလျက်ရှိသည့် ရေအရည်အသွေးများကို စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့စမ်းသပ်စစ်ဆေးရာတွင် ရေထဲတွင်ပါဝင်သော လူနှင့်တိရိစ္ဆာန်အညစ်အကြေးဓာတ်ကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်စေတတ်သော ဘတ်တီးရီးယားပိုး ပါဝင်မှုအား ရေထွက်ပင်ရင်းမှ ယူဆောင်ပြီး ၂၄ နာရီအတွင်း စပ်းသပ်စစ်ဆေးလျက်ရှိပြီး ကျေးရွာ (၅၂) ရွာ၏ အများသုံးနေရာမှ ရေနမူနာများကို သတ်မှတ်ချိန်အတိုင်းရယူကာ အောက်တိုဘာလအတွင်း အပြီးစမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကာ ရေသန့်စင်စနစ် ဆောင်ရွက်ထားသော ကျုံကဒါတ်ကျေးရွာတွင် (၂) လတစ်ကြိမ်ဖြင့် (၆) ကြိမ် စမ်းသပ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်ရေ၊ သုံးရေဖူလုံစွာရရှိစေရေး တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ ရေကန်နှင့် စိမ့်စမ်းများ တူးဖော်ပေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)