သံဖြူဇရပ် ဒီဇင်ဘာ ၁၄

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက် အောင်မေတ္တာလမ်းတွင် ဒီဇင်ဘာ  ၁၄  ရက် နံနက် ၂ နာရီ မိနစ် ၅၀ ခန့်က ရော်ဘာမှိုင်းခံရုံ၌ မီးလောင်မှုဖြစ်ပွားသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက် အောင်မေတ္တာလမ်းရှိ ပိုင်ရှင် ဦးသိန်းဦး မှိုင်းခံရုံတွင် ထင်းဖြင့် ရော်ဘာပြားများအား မှိုင်းခံရာမှ အပူလွန်ကဲ၍ စတင်မီးစွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

 

မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီးဖြင့် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၃)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၇)ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ခြင်းကြောင့် သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ် အဆောက်အဦ (၁)လုံး၊ ရော်ဘာပြား ပေါင် (၃၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

အေးအေးမွန် (ပြန်/ဆက်)