ရန်ကုန် ဖေဖော်ဝါရီ ၂၈

 

မြန်မာနိုင်ငံတွင် ရှေးခေတ်များစွာကတည်းက သနပ်ခါး လိမ်းခြယ်သုံးစွဲမှု တည်ရှိခဲ့ကြောင်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေး ပန်းချီများတွင် လေ့လာတွေ့ရှိနိုင်ပြီး ယင်းနံရံဆေးပန်းချီများသည် သမိုင်း အထောက်အထားများအဖြစ် ခိုင်မာစွာ တည်ရှိပြသလျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ပြုပြင် ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။

 

“မြန်မာ့သနပ်ခါးကို ရှေးဘုရင်တွေ လက်ထက်ကတည်းက မြတ်မြတ်နိုးနိုး သုံးစွဲခဲ့မှုကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသက နံရံဆေးပန်းချီတွေမှာ တွေ့ရှိရတယ်။ စူဠာမဏိစေတီမှာ သနပ်ခါး လိမ်းခြယ်နေတဲ့ပုံကို အသိများကြပေမယ့် အပယ်ရတနာဘုရားမှာ ရှိတာကိုတော့ သိသူနည်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်းအမွေအနှစ်ပုံတွေ ဖြစ်ပါတယ်။”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ပြုပြင်ထိန်းသိန်းရေးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး က ပြောကြားသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန် ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးဖြစ်သည်။

 

ထို့အတူ ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ စူဠာမဏီ စေတီအတွင်းရှိ နံရံဆေးပန်းချီကားများအား သန့်စင်ချေးချွတ်ရာမှ သနပ်ခါး လိမ်းခြယ်နေသော ပုံများကို‌ တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ယခုအခါ ဘုရား၊ စေတီ၊ ပုထိုးပေါင်း ၃၈၂၂ ဆူနှင့် တန့်ကြည်တောင်ဧရိယာ၌ ဘုရား၊ စေတီ၊ ဂူ ၁၅ ဆူ စုစုပေါင်း ၃၈၃၇ ဆူ တည်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

ဓာတ်ပုံ-ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)

သစ္စာ(MNA)