မန္တလေး ၃၁ မတ်
မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာလိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် ယခုလနောက်ဆုံးပတ်က ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO) သို့ အမည်စာရင်းတင်သွင်းခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒြပ် မဲ့ယဉ် ကျေးမှုအမွေအနှစ် ထိမ်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များစွာရှိသော်လည်း ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း ဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးသည့်အတွက် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်ကာလကတည်းက ရိုးရာ ယဉ်ကျေးမှုဓလေ့အ ဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုကာ တန် ဖိုးထားထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြန်မာ့သနပ်ခါးသည် UNESCO မှ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် စံနှုန်းငါးချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာဒြပ်မဲ့ယဉ် ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ယခု ကဲ့သို့ အမည်စာရင်းတင်သွင်းနိုင်ရန် ၂၀၂ဝ ခုနှစ် ဇန်နဝါရီလမှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အသိအမှတ်ပြုနိုင်ဖို့ ယခုလနောက်ဆုံးပတ်မှာ ယူနက်စကိုအဖွဲ့ထံကို အမည်စာရင်းတင်သွင်းခဲ့ပါ တယ်။ အဲဒီလိုတင်သွင်းနိုင်ဖို့ ကျွန်တော်တို့ဌာနနဲ့ သနပ်ခါးအသင်းတွေပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်မြှင့်တင်ရေးလုပ်ငန်း ကော်မတီကိုဖွဲ့စည်းပြီးတော့ တစ်နိုင်ငံလုံးက သနပ်ခါးသုံးစွဲမှု စာရင်းကို ကောက်ယူခဲ့တဲ့အပြင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန Facebook ကလည်း စစ်တမ်းကောက်ယူခဲ့ပါတယ်၊ ဒါအပြင် သနပ်ခါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယို ဖိုင်နဲ့အတူ ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှုန်းငါးချက်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုလည်း ပုံစံစာရွက်မှာ အပြည့်အစုံဖြည့်သွင်းပြီး မတ်လနောက်ဆုံးပတ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယူနက်စကိုအဖွဲ့ကြီးက သုံးလတစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး အမွေအနှစ်စာရင်း ဝင်ဖြစ်စေဖို့ ရွေးချယ်တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လအတွင်းမှာ သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် သတ်မှတ်ခွင့်ရှိ မရှိကို သိ ရတော့မှာပါ" ဟု ၎င်းက ပြောသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းနှစ်ရာကျော်တွင် ယူနက်စကိုအဖွဲ့ဝင် နိုင်ငံ ပေါင်းမှာ ၁၉၈ နိုင်ငံရှိပြီး ၎င်းတို့အနက် နိုင်ငံပေါင်း ၁၂၂ နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၅၀၈ ခုမှာ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအ မွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းသတ်မှတ်ခြင်း ခံထားရသည့် အပြင် အိမ်နီးချင်း အာဆီယံနိုင်ငံများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ် ၃၃ ခုကို ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


