သနပ်ခါးနှင့် သနပ်ခါးတုံးများကို သစ်တောအခွန်တော် ပေးဆောင်ရမှုအပေါ် လွှတ်တော်တွင်မေးမြန်း

နေပြည်တော် ၆ နိုဝင်ဘာ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေက သနပ်ခါးပင်နှင့် သနပ်ခါးတုံးများကို အသေးစား သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ဒေသပေါက်ဈေး၏ ၂၅ ရာခိုင်နှုန်းကို သစ်တောအခွန်တော်အဖြစ် ပေးဆောင်စေရမည်ဆိုသော ညွှန်ကြားချက်ကို လက်ရှိအခြေအနေနှင့် လျော်ညီအောင် ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။


အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားရာတွင် သစ်တောဦးစီးဌာန၏ ၂၅-၉-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၃၁/၂၀၁၇)ဖြင့် သစ်တောနယ်မြေပြင်ပ (ပုဂ္ဂလိကပိုင်မြေနှင့် ကိုယ်ပိုင် ဥယျာဉ်ခြံမြေများ)တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအား သစ်တောဦးစီးဌာန၌ မှတ်ပုံတင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရန် အလိုငှာ သယ်ယူပို့ဆောင်ခြင်းအတွက် မျှောစာနှင့် ထောက်ခံချက်ရယူခြင်းတို့အား ကင်းလွတ်ခွင့်ပြုကြောင်းနှင့် သစ်တောခွန်ကောက်ခံခြင်းအပေါ် ကင်းလွတ်ခွင့် ပြုခြင်းကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၅၄) (က)၊ နောက်ဆက်တွဲ ဇယား (၅)၊ ၁၂ (ခ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


သနပ်ခါးသည် သစ်တောရေးရာ ဝန်ကြီးဌာန၏  ၇-၇-၁၉၉၇ ရက်စွဲပါ ညွှန်ကြားစာအမှတ် ၂/ ၂၂၀ (ဂ) (၃)/(၁၂၃၂/၉၇) အရ သတ်မှတ်ထားသည့် အသေးစား သစ်တောထွက်ပစ္စည်း (၅၈)မျိုးမှာ ပါဝင်ပြီး အမှတ်စဉ် (၄၈)တွင်ရှိကာ သစ်တောအခွန်နှုန်းထား သတ်မှတ်ကောက်ခံလျက်ရှိသည်။


မျိုးထက်ဦး(MDN)