၁၄ စက်တင်ဘာ
သဘာဝကျကျ ဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်သည့် မင်းသမီးတွေထဲက တစ်ဦးဖြစ်သူ အကယ်ဒမီခိုင်သင်းကြည် တစ်ယောက် ယနေ့တွင် ပုဂံမြို့ရှိ အနန္ဒာ ဘုရားပွဲတွင် ရိုက်ကူးသွားမည့် ၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးတွင် သနပ်ခါးရောင်းသည့် ဈေးသည်တစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
မေး ။ ။ ၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးဖြစ်တဲ့ ကာရိုက်တာကို ပြောပါဦး။
ဖြေ။ ။ ကာရိုက်တာကတော့ မခိုင်မြင်နေကျဖြစ်တဲ့ သွက်သွက်လက်လက်နဲ့ ပျော်ပျော်ပါးပါးနဲ့ ဈေးရောင်းရမယ်။ သနပ်ခါးရောင်းတဲ့ ဈေးသည် ကာရိုက်တာလေးပါ။ ၁၂ ပွဲဈေးသည် ဆိုတဲ့အတိုင်း ဘုရားပွဲ ဈေးတန်းမှာ ဈေးရောင်းရမယ်။ ဟိုဘက်က ရွှေမှုံရတီတို့ ကိုလူမင်းတို့ကလည်း ဈေးတွေရောင်းကြတယ်။ မခိုင်ကို ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး လာငှားတဲ့အချိန်မှာ ကိုယ်ပါဝင်ရဲ့ နေရာကလည်း အထူးတလည် လုပ်ကွက်ပညာပေးပုံစံ မဟုတ်ပေမယ့်လည်း ပျော်စရာလည်းကောင်းမယ်။ ကိုယ့်အတွက် Minus ဖြစ်စရာဇာတ်ကွက်တွေလည်း မပါတာမို့ မခိုင်လေး လက်ခံပြီးတော့ ရိုက်ကူး ဖြစ်တာပါ။
မေး ။ ။ ဒီဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုကရော။
ဖြေ။ ။ မခိုင်က ဈေးသည်လေးတွေ ဝတ်တဲ့အဝတ်အစားတွေ ကြိုပြင်ဆင်ဖြစ်တယ်။ ဒိုင်ရာလော့ခ်ဆိုရင် ဈေးသည်လေသံဆိုလည်း ဈေးသည်လေသံပေါ့။ ကိုယ်လည်းမြင်တော့ မြင်ဖူးပါတယ်။ ဥပမာ- ငါးစိမ်းတန်းမှာ ငါးရောင်းတယ် ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး အတုခိုးလိုက်တယ်။ မခိုင်က အတုခိုးတာတော့ မြန်တယ်လေ။ အမျိုးတို့ရေဆိုလည်း အမျိုးတို့ရေ ငါးတွေလတ်တယ်ပေါ့။ သနပ်ခါးသည်တွေ ဘယ်လိုပြောဆိုတယ်ဆိုတာ အတုခိုးပြီး လုပ်ကြည့်ရမှာပေါ့။
မေး ။ ။ ဇာတ်လမ်း အကြောင်းအရာကရော ဘယ်လိုဖြစ်မလဲ။
ဖြေ။ ။ မခိုင်တို့ ဒီကားကတော့ ဖျော်ဖြေရေး သက်သက်ပုံစံမျိုးပါပဲ။ အားလုံးကတော့ သူဆိုင်လေးနဲ့ သူ ရောင်းချကြမယ်။ ဘယ်ဆိုင်မှာတော့ ဘယ်လိုရှိတယ်ပေါ့။ သူတို့ကြတော့ ဘယ်လိုရောင်းချသလဲပေါ့။ ကိုယ့်အချင်းချင်းဖြစ် ထိလာရင် မခံဘူး ပြန်ပြောကြမယ်။ စောင်းမြောင်းပြောကြမယ် ဖြစ်တတ်တဲ့ သဘာဝလေးတွေပေါ့။ ပျော်စရာ ကြီးပါ။ ကိုယ့်လုပ်ဆောင်နေကြ ကာရိုက်တာလည်း ဖြစ်တယ်။
ကိုလင်း