နေပြည်တော် အောက်တိုဘာ ၁၀

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့် ဧရိယာများမှ စပါး၊ ဆီထွက်၊ ပဲ၊ ဝါ သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍ ပညာပေးနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ရက်က ပဲခူတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မိဘမေတ္တာပွဲရုံ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာ ပညာရှင်များ၊ သီးနှံကာကွယ်ရေး၊ စက်မှုလယ်ယာကဏ္ဍ ပညာရှင်များနှင့် သနပ်ပင်၊ ဝေါ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ ကဝမြို့နယ်များမှ တောင်သူ(၂၀၀)တို့ တက်ရောက်ဆွေးနွေးကြပြီး ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် သီးနှံမျိုးသစ်များ၊ စိုပ်ပျိုးနည်းစနစ်များ၊ သီးနှံကာကွယ်ရေး နည်းစနစ်များဖြစ်သည့် ပိုးမွှား၊ ရောဂါကာကွယ် နည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲကို တောင်သူများ၏ စိတ်ဝင်စားမှုအရ မျိုး၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာ စသည့် အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပြီး ပဲတီစိမ်းသီးနှံ (ရေဆင်း ၁၆) မျိုးရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ပညာရှင်များက စပါးအပြီး ပဲပုပ်စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ တောင်သူများအား မိတ်ဆက်ဆွေးနွေးခြင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နေကြာမျိုးများ နှင့်စပ်လျဉ်း၍ တောင်သူများသိရှိလိုသည့် မေးမြန်းချက်များ၊ ရွှေခရု၊ စပါးဖြုတ်ပိုး၊ ပဲငမြောင်တောင် ကျရောက်မှုများအတွက် ကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းသတ်ဆေးနှင့်စပ်လျဉ်း၍ ဆောင်ရန် ရှောင်ရန်များ၊ မြေဆီလွှာနှင့် သက်ဆိုင်သည့် ပြဿနာများ၊ မြေကျွံခြင်း၊ မြေချဉ်ခြင်း၊ မြေငံခြင်း၊ သံအဆိပ်သင့်ခြင်း၊ မန်းဂ္ဂနိစ် အဆိပ်သင့်ခြင်း ဖြစ်ပေါ်မှုဆိုင်ရာများ၊ ရေသွင်း၊ ရေထုတ် ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် ပြဿနာများနှင့်စပ်လျဉ်း၍ ပညာပေးဆွေးနွေးကြသည်။

 

အဖွဲ့လိုက် ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြ၍ ရာသီဥတုနှင့်လိုက်လျောညီထွေသည့် သီးနှံစိုက်စနစ်များအကြောင်း အသိပညာပေး ဗီဒီယိုကိုပြသခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်