သနပ်ပင်၊ ၃၀ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းများနှင့် မြို့နယ်ရုံးဆောက်လုပ်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့ကြသော ကုမ္ပဏီများက ၎င်းတို့ဆောင်ရွက်သွားကြမည့် လုပ်ငန်းဒီဇိုင်းများနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းအချိန်ဇယားများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် TPIC အဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများကို ချပြရှင်းလင်းခြင်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သနပ်ပင်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်တို့က တင်ဒါအောင် ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းချက်များ၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး၊ Covid ကာလအတွင်း လုပ်ငန်းဆောင်ရွက်သူများ လိုက်နာကြရမည့် စည်းမျဉ်းများကို ရှင်းလင်းပြောကြားကြပြီး သက်ဆိုင်ရာ ကုမ္ပဏီများမှ မိမိတို့ ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအချိန်ဇယားများကို ရှင်းလင်းတင်ပြကြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သွားမည့် ဖွံ့ဖြိုးရေး လုပ်ငန်း(၁၆)ခုအား တင်ဒါအောင်ကုမ္ပဏီ(၅)ခုမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(သနပ်ပင်)


