သနပ်ပင်  ၈  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ရပ်ကွက်/ကျေးရွာ အသီးသီးရှိမဲရုံများကို ယနေ့ ညနေ ၄ နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ပြီး မဲရုံတာဝန်ရှိသူများက သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်ရှေ့များ၊ ကြည့်ရှုလေ့လာသူများရှေ့တွင် ဆန္ဒမဲ လက်မှတ်များအား ပွင့်လင်းမြင်သာစွာ ရေတွက်လျက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄)မှ ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း ၄  ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း ၃ ဦး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာပါတီမှ ကိုယ်စားလှယ်လောင်း ၈ ဦး၊ စုစုပေါင်း ကိုယ်စားလောင်း ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၆၆)အုပ်စုရှိပြီး၊ မဲရုံပေါင်း (၉၁)ရုံရှိကာ အသက်(၆၀)နှစ်အထက်  ဆန္ဒမဲပေးသူ ၁၄၉၄၂ ဦး၊ မသန်စွမ်း ဆန္ဒမဲပေးသူ (၅၈၇)ဦး၊ ဆန္ဒမဲပေးသူ စုစုပေါင်း (၁၂၃၅၇၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ  သိရသည်။

လှမိုး(သနပ်ပင်)