ဒေါက်တာလဲ့လဲ့မိုး (စားသုံးသူရေးရာဦးစီးဌာန)
ကမ္ဘာ့နိုင်ငံတိုင်းတွင် အချဉ်ဖောက်ထားသော အစားအစာများနှင့် အဖျော်ယမကာများသည် လူ့အသိုက်အဝန်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အချဉ်ဖောက်ထားသော အစားအစာများသည် ရာစုနှစ်များစွာကတည်းကပင် မြန်မာ့ဟင်းလျာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင်လည်း စားသုံးမှုများသော အစားအစာဖြစ်ပါသည်။ အမျိုးအစားအနေဖြင့် အချဉ်ဖောက်ထားသော အစားအစာများတွင် ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ အသားနှင့်ငါးတို့ပါဝင်ပြီး အချဉ်ဖောက်ထားသော အဖျော်ယမကာများတွင် အယ်လ်ကိုဟောပါဝင်သော အဖျော်ယမကာနှင့် အယ်လ်ကိုဟော မပါဝင်သော အဖျော်ယမကာဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။
အချဉ်ဖောက်ထားသော အစားအစာများ
အချဉ်ဖောက်ထားသော အစားအစာနှင့် အဖျော် ယမကာအမျိုးမျိုးကို ပင်လယ်ရပ်ခြား ကုန်သွယ်မှုများမှ တစ်ဆင့်လည်းကောင်း၊ ခေတ်ရေစီးကြောင်းအရ အစားအစာယဉ်ကျေးမှု ဖလှယ်ခြင်းဖြင့်လည်းကောင်း ကမ္ဘာ့ဈေးကွက် အတော်များများတွင် ရရှိနိုင်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းထုတ်အချဉ်ဖောက်ထားသော အစားအစာများကို ဈေးကွက်တွင် ရရှိနိုင်သကဲ့သို့ ပြည်ပမှတင်သွင်းသော ထုတ်ကုန်အရည်အသွေး ဦးစားပေးသည့် အရသာအမျိုးမျိုး၊ ထုပ်ပိုးမှုပုံစံ အမျိုးမျိုးရှိသည့် အချဉ်ဖောက်ထားသော အစားအစာများကို စူပါမားကတ်၊ ကုန်တိုက်များတွင် ရရှိနိုင်ပါသည်။ ကမ္ဘာ့အရှေ့ပိုင်းနိုင်ငံများအနက် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် အချဉ်ဖောက်ထားသော အစားအစာနှင့် အဖျော်ယမကာ ထိပ်တန်းတင်ပို့သော နိုင်ငံများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်လုပ်သည့် အချဉ်ဖောက်ထားသော အစားအစာများကို ကမ္ဘာ့အဆင့်မီစီးပွားဖြစ် ထုတ်လုပ်တင်ပို့မှုမှာ ကိန်းဂဏန်းအချက် အလက်များအရ တွင်ကျယ်မှု မရှိသေးပါ။
ကြာရှည်အထားခံစေသော နည်းလမ်း
ကစော်ဖောက်ခြင်း (သို့မဟုတ်) အချဉ်ဖောက်ခြင်း (Fermentation) တွင် ပရိုဘိုင်အိုတစ်များ၊ အကျိုးပြု ဗက်တီးရီးယားများ ဥပမာအားဖြင့် လက်တိုဘက်စလက်စ် (Lactobacillus) သည် အချဉ်ဖောက်မည့် အစားအစာရှိ ကစီဓာတ်နှင့် သကြားဓာတ်များကို စားသုံးပြီး အယ်လ်ကိုဟော (Alcohol) နှင့် လက်တစ်အက်စစ်ဓာတ် (Lactic Acid) အဖြစ် ပြောင်းလဲပေးခြင်းဖြင့် အချဉ်ဖောက်ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေပါသည်။ ဤလက်တစ်အက်စစ်သည် သဘာဝအတိုင်း တာရှည်ခံပစ္စည်းအဖြစ် အချဉ်ဖောက်ထားသော အစားအစာများကို တာရှည်အထားခံစေပါသည်။ အချဉ်ဖောက်ခြင်းသည် အစားအစာများကို အလေအလွင့်မရှိစေဘဲ ပိုလျှံအစားအစာ စွန့်ပစ်မှုအပြင် အစားအစာလေလွင့် ဆုံးရှုံးမှုလျှော့ချရန်နှင့် ကြာရှည်အထားခံစေသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် နှစ်ကာလ အတန်ကြာကပင် ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို စဉ့်အိုးကြီးများတွင် ထည့်သွင်းကာ ဝမ်းစာအဖြစ် နှစ်ပတ်လည်ထား စားသုံးခဲ့ကြပါသည်။
ကျန်းမာရေးအန္တရာယ်များ
အချဉ်ဖောက်ထားသော အစားအစာများသည် လူတို့၏အစာခြေစနစ်နှင့် အူလမ်းကြောင်း ကျန်းမာစေရန်ကူညီပေးသည့် အကျိုးပြုဗက်တီးရီးယားများဖြစ်သည့် ပရိုဘိုင်ရောတစ် (probiotic) ကြွယ်ဝသည်။ အစာခြေစနစ်ကောင်းမွန်စေ၍ ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်ကြောင်း သုတေသနပြုလေ့လာမှုများ အရ သိရှိရပါသည်။ သို့ရာတွင် အချဉ်ဖောက်စဉ်တွင် သန့်ရှင်းမှုအားနည်းပါက အစားအစာညစ်ညမ်းမှု (Food Contamination) ဖြစ်နိုင်ပြီး စားသုံးသူအား အဆိပ်အတောက်ဖြစ်စေ၍ ဝမ်းပျက်ခြင်း၊ ဝမ်း လျှောခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး ပြင်းထန်ပါက အသက် အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါသည်။
အချဉ်ဖောက်ထားသော အစားအစာများသည် ယေဘုယျအားဖြင့် လူတို့စားသုံးရန် သင့်လျော်သော်လည်း အဆိပ်နှင့် ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များ လုံးဝကင်းရှင်းခြင်းမရှိပါ။ အစားအစာ ညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါ (Food-borneillness) ဖြစ်ပွားစေသော ဗက်တီးရီးယားများဖြစ်သည့် Enterococcus, E.coli, Salmon-ella, Staphylococcus and Listeria strains အစရှိသည့် ဗက်တီးရီးယားများကြောင့် အချဉ်ဖောက်ထားသော အစားအစာများတွင် အဆိပ်အတောက် အန္တရာယ်ဖြစ်စေပါသည်။ ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများသည် အစားအသောက်မှတစ်ဆင့် ဇီဝဆိုင်ရာအန္တရာယ်များ (Bioligical Hazards) ဖြစ်စေပါသည်။ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရူပဆိုင်ရာအန္တရာယ်များ (Physical Hazards)၊ ဓာတုဆိုင်ရာ အန္တရာယ်များ (Chemical Hazards) နှင့် ဓာတ်မတည့်မှုဆိုင်ရာ အန္တရာယ်များ (Allergenic Hazards) ကို အစားအစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချစဉ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး နည်းပညာ လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပါသည်။
ကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး
စားသောက်ကုန်များသည် လူတို့အတွက် နေ့စဉ်မရှိမဖြစ် လိုအပ်ချက်ဖြစ်ရာ စားသုံးသည့် အစားအသောက်များတွင် အာဟာရများ (Nutrients) ပါဝင်၍ အဆိပ်အတောက်ကင်းရှင်းမှသာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။ သို့ပါ၍ အစားအစာ ထုတ်လုပ်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်များ ထုတ်လုပ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရှင်များက ထောက်ခံအကြံပြုထားသော ကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ရရှိနိုင်မည်ဖြစ်ပါသည်။
အစားအစာအရည်အသွေးနှင့် ထုတ်ကုန် ဘေးကင်းလုံခြုံရေး (Food Quality and Safety) ဟု ကြွေးကြော်နေသော မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများတွင် အသားများ၊ ရေထွက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီး ဟင်းရွက်သစ်သီးဝလံများ စသည့်အစားအစာ အမျိုးမျိုးကို အချဉ်တည်ခြင်း (သို့မဟုတ်) အချဉ်ဖောက်ခြင်းတို့တွင် ရိုးရာဓလေ့နည်းသာမက နည်းပညာလိုအပ်ချက်နှင့်အညီ ခေတ်မီထုပ်ပိုးမှုမျိုးစုံဖြင့် ပေါင်းစပ်ပြုပြင်၍ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ထုတ်ပြန်ထားသော စားသောက်ကုန်တွင် လိုက်နာရမည့် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် လာကြပါသည်။ ယင်းတို့ကို ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်များတွင် ဖော်ပြပါရှိသော ကုန်အညွှန်း အမှတ်တံဆိပ် (Labelling) နှင့် အရည်အသွေးဆိုင်ရာ ထောက်ခံချက် (Quality Assurance) အမှတ်တံဆိပ်များကို ထုပ်ပိုးမှုများတွင် တွေ့မြင်ရမည်ဖြစ်ပါသည်။
ပြည်တွင်းထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအဖြစ် ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန်အထိထုတ်လုပ်၍ ဈေးကွက် အရောက် တင်ပို့ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။
ရိုးရာအစားအစာများ အရည်အသွေးပြည့်ဝရေး
မြန်မာနိုင်ငံ၏ မြို့တိုင်း၊ ဒေသတိုင်းတွင် ဒေသအလိုက် ရိုးရာယဉ်ကျေးမှုများရှိပါသည်။ စားသောက်ဖွယ်ရာ အသီးသီးသည် ဒေသ၏ ရိုးရာယဉ်ကျေးမှုကိုသာမက ယင်းဒေသ၏ သမိုင်းကိုပါ ထင်ဟပ်စေသည့် သာဓကများစွာရှိပါသည်။ ဥပမာအားဖြင့် ပျဉ်းမနားမျှစ်ချဉ်၊ ပုဂံပုန်းရည်ကြီး၊ ပဲခူးငါးချဉ်စသည်ဖြင့် အထင်ကရ ရှိကြပါသည်။ ထို့ကြောင့် ဒေသတွင်းထုတ်ကုန်လုပ်ငန်းများမှ အသားများ၊ ရေထွက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ စသည့်အစားအစာအမျိုးမျိုးကို အချဉ်တည်ခြင်း (သို့မဟုတ်) အချဉ်ဖောက်ခြင်းနည်းများဖြင့်ရရှိလာသည့် အသားချဉ်၊ ငါးချဉ်၊ ပုစွန်ချဉ်၊ ဟင်းသီးဟင်းရွက်ချဉ်ဖတ်များ၊ မျှစ်ချဉ်၊ မုန်ညင်း ချဉ်၊ အသီးဆားရည်စိမ်များ၊ ပဲပိစပ်များ၊ နှမ်းဖတ် ချဉ်၊ မြေပဲချဉ်ဖတ်၊ ပုန်းရည်ကြီး၊ လက်ဖက်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ အရက်၊ ဘီယာနှင့် အဖျော်ယမကာများ အစရှိသည့် အချဉ်ဖောက်ထားသော စားသောက်ဖွယ်ရာများကို ထုတ်လုပ်လျက်ရှိပါသည်။ ယင်းတို့ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး၍ အာမခံချက်ရှိသော အစားအစာဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် အရည်အသွေး ပြည့်ဝရေး (Food Safety and Quality)ကို အလေးထားထုတ်လုပ်ရန်နှင့် ထုပ်ပိုးမှုပုံစံသည်လည်း သန့်ရှင်းသေသပ်လှပ၍ စားချင်စဖွယ်ဆွဲဆောင်မှုရှိရန် လိုအပ်ပါသည်။ သို့မှသာ ထုတ်ကုန်အမျိုးအစားတူညီမှုရှိပါက ယုံကြည်စိတ်ချရသည့် ထုတ်ကုန်သည် ဈေးကွက်ဝင်၍ မျက်နှာ ပန်းလှမည်ဖြစ်ပြီး ယှဉ်ပြိုင်အနိုင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ယခုအခါ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်း ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန် ကြိုးစားနေခြင်းဖြစ်ရာ ပထဝီဝင်တည်နေရာအရ တရုတ်နှင့် အိန္ဒိယစသည့် နိုင်ငံကြီးများနှင့် အလွန်နီးစပ်သောကြောင့် ကြီးမားသော စားသုံးသူဈေးကွက်သို့ ထုတ်ကုန်များကို တင်ပို့နိုင်သည့် အခွင့်အလမ်းများစွာရှိနေခြင်းကြောင့် စျေးကွက်လိုအပ်ချက်များအပြင် စားသုံးသူများ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီသည့် အချဉ်ဖောက်ထားသော အစားအသောက်ထုတ်ကုန်များ ထုတ်လုပ်လာစေရန် ရည်ရွယ်၍ ရေးသား တင်ပြအပ်ပါသည်။