ဒေါက်တာအောင်ဇော်မိုး(မွေး/ကု)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးတချို့ရှိ ကြက်သားများတွင် ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သောသတင်းများကြောင့် ပြည်သူများအကြား ကြက်သားစားသုံးမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တထစ်ချ မဆိုနိုင်ပါ။ ဆဲလ်မိုနဲလားပိုး မျိုးကွဲတစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသော် လည်းယေဘုယျအားဖြင့် ဆဲလ်မိုနဲလားပိုး တစ်သိန်းကနေ တစ်သန်းနှင့်အထက် ပါဝင်မှသာ လူကိုအန္တရာယ်ပေးနိုင်မည်။ ထို့ပြင် ယင်းအသားကို အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းများကြောင့်သာ လူကိုအန္တရာယ်ပြုနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက လူ၏အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်များနှင့် အကျိုးပြု ဘက်တီးရီးယားပိုးတို့၏ ခြေဖျက်တိုက်ခိုက်မှုကြောင့် ဆဲလ်မိုနဲလားပိုးများသည် ရှင်သန်အန္တရာယ်ပြုနိုင်ခြင်း မရှိပါ။
ဆဲလ်မိုနဲလားသည် ဘက်တီးရီးယားပိုးတစ်မျိုး၏ အမည်ပင်ဖြစ်သည်။ ၎င်းသည် သက်ရှိသတ္တဝါတိုင်း၏ အူလမ်းကြောင်း၌ တွေ့ရလေ့ရှိသည်။ မျိုးကွဲပေါင်း ၂၆၀၀ ကျော်အထိရှိ၍ ၎င်းတို့ထဲ၌ လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီးယား အမျိုးအစား အနည်းငယ်သာပါဝင်ပြီး အများစုမှာ တိရစ္ဆာန်နှင့် လူကိုအန္တရာယ်ဖြစ် စေနိုင်ခြင်းမရှိပါ။ ပြင်းထန်သည့် မျိုးကွဲတချို့ကြောင့်သာ အူရောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်)နှင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည်။
“ဆဲလ်မိုနဲလားပိုးဆိုတာ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်တယ်။ အဲဒီပိုးကို သက်ရှိသတ္တဝါတွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရလေ့ ရှိပါတယ်။ ပိုးမျိုးကွဲပေါင်း ၂၆၀၀ ကျော်လောက်ရှိပေမယ့် လူကိုအန္တရာယ်ဖြစ်စေ နိုင်တဲ့မျိုးကွဲကတော့ နည်းနည်းပဲရှိပါတယ်။ အများစုကတော့ တိရစ္ဆာန်နဲ့လူတွေကို အန္တရာယ်ဖြစ်စေနိုင်ခြင်း မရှိပါဘူး။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား အနည်းငယ်ကြောင့်တော့ အူရောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်)နဲ့ အစာအဆိပ်သင့်ခြင်း ဒါမျိုးဖြစ်တတ်ပါတယ်။
ဒါပေမယ့် ကြက်သားကိုစားသုံးမိတိုင်း အန္တရာယ်မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆဲလ်မိုနဲလားပိုးဟာ အပူချိန် ၆၀ ဒီဂရီ စင်တီဂရိတ်ဆိုရင် သေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသားစားသုံးမှုဓလေ့က ကျက်အောင်ချက်ပြုတ်စားတဲ့ အလေ့အထ ရှိတဲ့အတွက် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ အသားစိမ်းကိုင်ပြီးတဲ့အခါတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြော ဖို့ပါ”ဟု ဆဲလ်မိုနဲလားရောဂါပိုးနှင့် ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ရှိဈေးများ၌ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စာရေးသူ၏ သုတေသနစစ်တမ်းအရ ကြက်သားတွင် ဆဲလ်မိုနဲလား ပိုးပါဝင်မှု တွေ့ရှိခဲ့သော်လည်း လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ဆဲလ်မိုနဲလားမျိုးကွဲ နှစ်ရာခိုင်နှုန်းခန့်သာ တွေ့ရှိခဲ့ကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် ကြက်သားများ၌ ဆဲလ်မိုနဲလားပိုးပါဝင်မှုသည် ၆ဝ ရာခိုင်နှုန်းကျော်အထိ ရှိသည်။ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆဲလ်မိုနဲလားထက် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကြက်ငှက်တုပ်ကွေး အစရှိသည့် လုပ်ငန်းများတွင် သုတေသနလုပ်ငန်းများ၊ ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင် လျက်ရှိသည်။ ဆဲလ်မိုနဲလားသည် အန္တရာယ်ပေးနိုင်သည်ဆိုသော်လည်း ကြက်ငှက်တုပ်ကွေးရောဂါမျိုးနှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက ကူးစက်ခံရနိုင်ခြေနှင့် ဘေးဥပဒ်ပေးနိုင်မှု နည်းပါးသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ မွေးမြူရေးခြံများတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အဓိကအနေဖြင့် မူလအဆင့် မွေးမြူထုတ်လုပ်သည့်ခြံများတွင် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices) op:03260€ အထည်ဖော် လိုက်နာ ဆောင်ရွက်စေလျက်ရှိပါသည်။ ခြံများကို မှတ်ပုံတင်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။
“ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ ဥပဒေနဲ့အညီ မွေးမြူရေးခြံတွေမှာ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ်တွေကို လိုက်နာ ဆောင်ရွက်စေပါတယ်။ ဒါပေမယ့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်တဲ့အခါမှာ ဥပမာသားသတ်ရုံတွေ၊ လက်လီဈေးတွေ၊ အစားအသောက် ကိုင်တွယ်ရောင်းချသူတွေ သန့်ရှင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အစားအသောက် ကွင်းဆက် (food safety supply chain) မှာပါတဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှသာ ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအစာတွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မွေးမြူရေးခြံများမှ ကြက်များ၊ ကြက်သားသတ်ရုံများနှင့် လက်လီရောင်းချသည့် ဈေးများမှ ကြက်သားများကို နှိုင်းယှဉ်လေ့လာ ချက်များအရ ရောဂါပိုးကိုအများအားဖြင့် ဈေးများတွင် ပိုမိုတွေ့ရှိရသည်။ အဓိကအားဖြင့် သန့်ရှင်းမှုအားနည်းသော ကြက်သတ်ရုံများမှ ကူးစက်ခြင်း၊ ဈေးကွက်တွင်ရောင်းချခြင်း၊ သယ်ဆောင်ခြင်းနှင့် ထားသိုရာတွင် အအေးပေးစနစ် မှန်ကန်မှုမရှိခြင်း၊ ဈေးများ၏သန့်ရှင်းမှု အားနည်းခြင်းကြောင့် လက်လီဈေးရှိ ကြက်သားများတွင် ဆဲလ်မိုနဲလားပိုးများ ပိုမိုတွေ့ရခြင်း ဖြစ်သည်။
ထို့ပြင် တိရစ္ဆာန်တစ်မျိုးချင်းစီကို ရောဂါဖြစ်စေ သည့် ဆဲလ်မိုနဲလားပိုးများလည်းပါဝင်သကဲ့သို့ ရောဂါဖြစ်ပွားခြင်းမရှိဘဲ သယ်ဆောင်ထားသည့် ပိုးမျိုးကွဲများ လည်းရှိသည်။ တွားသွားသတ္တဝါများ၊ ကြက်၊ ငှက်သတ္တဝါ များတွင် ဆဲလ်မိုနဲလားပိုးကို သဘာဝအားဖြင့် သယ်ဆောင်ထားနိုင်ခြေ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိသည်။
ဆဲလ်မိုနဲလားဘက်တီးရီးယားပိုးသည် ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံများတွင် ရောင်းချလျက်ရှိသည့် ကြက်သား များတွင်လည်း ဆဲလ်မိုနဲလားပိုး ပါဝင်နှုန်းသည် ယေဘုယျအားဖြင့် ၃၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း လေ့လာမှုများအရ သိရှိရပါ သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံများရှိ ကြက်သားများတွင် ဆဲလ်မိုနဲလားပိုးပါဝင်မှုကို သုံးရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဆိုသော်လည်း အဆိုပါနိုင်ငံများသည် ဆဲလ်မိုနဲလားပိုး လျော့ကျအောင် သုတေသနလုပ်ငန်းများ၊ လေ့လာခြင်းလုပ်ငန်းများနှင့် ထိန်းချုပ်မှုလုပ်ငန်းများကို နှစ်စဉ် ဒေါ်လာသန်းပေါင်း များစွာအကုန်ကျခံ၍ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့သော်လည်း ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဟန်ဂေရီနိုင်ငံတွင် ကြက်သား၌ ဆဲလ်မိုနဲလားပိုးပါဝင်မှုသည် ၇၀ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် ၆၀ ရာခိုင်နှုန်း၊ စပိန်နှင့် ပေါ်တူကီနိုင်ငံအသီးသီးတို့တွင် ၄၀ ရာခိုင်နှုန်းအထိ ရှိကြောင်း လေ့လာမှုအထောက်အထားများအရ သိရသည်။
ထို့ကြောင့် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကိုစားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တထစ်ချမဆိုနိုင်သော်လည်း သန့်ရှင်းမှု၊ အစားအစာ ဘေးကင်းလုံခြုံမှုအတွက် အရေးပေးဆောင်ရွက်ရမည် ဖြစ်သည်။ သို့ဖြစ်၍ အစားအသောက်ကွင်းဆက် (food safety supply chain) တစ်ခုလုံးတွင် ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများအားလုံးက ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စနစ်တကျ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည်။ သို့မှသာ ဆဲလ်မိုနဲလားပိုး တစ်ခုတည်းသာမက ကူးစက်တတ်သည့် ရောဂါပိုးများ အန္တရာယ်မှ ကင်းဝေးမည်သာဖြစ်သည်။ ။