ရန်ကုန် မတ် ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူ ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်စေရန် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ ရေမြောင်းအတွင်း အမှိုက်၊ မြောင်းချေးနှင့် သဲမြေများ ဆယ်ယူရှင်းလင်းနေမှု၊ လမ်းတိုးချဲ့ခင်းကျင်းရန် မြေပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းတစ် လျှောက် အုပ်မိုးကိုင်းများ ခုတ်၍အလင်းဖွင့်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းနှင့်ပုလဲလမ်းထောင့်ရှိ ကုက္ကိုင်းရေလှောင်ကန်သို့ သွားရောက်၍ ရေချိန် တိုင်းတာမှုများ၊ ရေလှောင်ကန်ပေါ်တွင် မြက်ပင်ချုံနွယ်များ ရှင်းလင်းထားရှိမှုနှင့် ရေလှောင် ကန် ကြံ့ခိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းရှိ မဟာဝိဇယ စေတီတော် ငါးကန်ပြန်လည် ဆယ်ယူပြီးစီးပြီ ဖြစ်သဖြင့် ရေဖြည့်သွင်းပေးနေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ လိပ်များ ပြန်လည်ထားရှိကာ ကန်အတွင်းရှိ အမှိုက်နှင့် ရေမှော်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ မဟာဝိဇယစေတီတော် ငါးကန်ကို ၂၀၁၉ ခုနှစ်က ဆယ်ယူရှင်းလင်းခဲ့သော်လည်း ယခုအခါ ငါးအကောင်ရေ တိုးပွားလာပြီး နုန်းမြေများတက်လာခြင်း၊ ရေများ ညစ်ညမ်းလာခြင်းကြောင့် ပြန်လည်ဆယ်ယူကာ ငါးများကို ဗဟန်းမြို့နယ်၊ ကန်တော်ကြီး အတွင်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လိပ်များကို မဟာဝိဇယစေတီတော် ငါးကန်အတွင်းသို့ ပြန်လည် လွတ်ပေးထားရှိကြောင်းနှင့် ငါးများထပ်မံဖြည့်တင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်