၂၇ မေ
နေ့စဉ်နှင့်အမျှ ပတ်ဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုးပြီး ကျန်းမာရေး ထိခိုက်စေသောအရာမှာ အမှိုက်ဖြစ်သည်။ ရန်ကုန်မြို့တွင် မြို့နေလူထုစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမှာ ၈၀ ရာခိုင်နှုန်းမျှရှိပြီး စည်းကမ်းတကျအမှိုက်စွန့်ပစ်မှုမှာ ၂၀ ရာခိုင်နှုန်းမျှသာရှိသည်။ စည်းကမ်းတကျ အမှိုက်စွန့်သည်ဖြစ်စေ၊ မစွန့်သည်ဖြစ်စေ သက်ဆိုင်ရာစည်ပင်အဖွဲ့များက နေ့စဉ်သိမ်းဆည်းပေးနေသည်။
မြို့ပြဒေသနေပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေးကိုမည်သို့ပင်ဆောင်ရွက်သော်လည်း အသိတရား လက်ကိုင်မထားသရွေ့ဖြေရှင်းရခက်သော ပြဿနာတစ်ရပ်ဖြစ်နေသည်။ အကယ်၍သာ အမှိုက်စို၊ အမှိုက်ခြောက်တို့ကို စနစ်တကျစွန့်ပစ်နိုင်ပါက အမှိုက်ပြဿနာ ကိုဖြေရှင်းနိုင်ကာ သန့်ရှင်းသပ်ရပ်သော မြို့ပြများဖြစ်လာပြီး နိုင်ငံတကာ အလယ်တွင် ဂုဏ်ယူဖွယ် ရပ်တည်နိုင်မည်ဖြစ်သည်။
ဒေသဆိုင်ရာအစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများက အမှိုက်ပြဿနာကို အဖြေရှာ၍ တတ်နိုင်သမျှ ဖြေရှင်းပေးနေသော်လည်း ရှေ့ကရှင်း၊ နောက်ကရှုပ်ဖြင့် ဖြေရှင်း၍မဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံ၏စီးပွားရေး မြို့တော်လည်းဖြစ်၊ လူဦးရေအထူထပ်ဆုံးလည်းဖြစ်သည့် ရန်ကုန်မြို့တွင်နေ့စဉ် အမှိုက်တန် ၂၀ဝ၀ ကျော်ထွက်ရှိပြီး အခြားမြို့ကြီးများတွင်တစ်နေ့လျှင် အမှိုက်တန် ၆၀ ကျော်ထွက်ရှိနေသည်။ အဆိုပါအမှိုက်များကိုနိုင်နင်းအောင် သိမ်းဆည်းနိုင်ရေးအလုပ်မှာ အခက်အခဲများစွာရှိနေသည်။
ယင်းကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းရှာကြံဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် မြန်မာနှင့်ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်သော စွန့်ပစ်အမှိုက်မီးရှို့စက်များ အကောင်အထည်ဖော်ရေး စီမံကိန်းသည် အမှိုက်ပြဿနာဖြေရှင်းနည်းတစ်ခုပင်ဖြစ်သည်။ နေ့စဉ်ထွက်ရှိသော အမှိုက်တန် ၆၀ ကိုမီးရှို့၍ ထွက်ပေါ်လာသော အပူရှိန်ကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၇၆၀ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်သဖြင့် လျှပ်စစ်မီးလည်းရ၊ အမှိုက်လည်းရှင်းသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်၍ ကြိုဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အပေါများဆုံးအရာမှာ အမှိုက်ဖြစ်ပြီး အဆိုပါအမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်း၊ စနစ်တကျသိမ်းဆည်းခြင်း၊ ခေတ်မီနည်းစနစ်ဖြင့် ဖျက်ဆီးခြင်း၊ လူအများအတွက် အကျိုးရှိအောင် အသုံးချခြင်း စသည်တို့ကို အလေးထားဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသာယာလှပသည့် အမှိုက်ကင်းစင်သောမြို့များ ပေါ်ထွက်လာမည်ဖြစ်သည်။ အဆိုပါလုပ်ငန်း စဉ်သည် လျော်ကန်သင့်မြတ်ကောင်းမွန်သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်ဆောင်ရွက်နိုင်မှုအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ရမည် ဖြစ်သည်။
ယခုအခါ မြို့ကြီးအချို့တွင် စတင်စမ်းသပ်ဆောင်ရွက်နေပြီး ရေရှည်စီမံကိန်းဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးကို ဆက်လက်လေ့လာဆန်းစစ် လုပ်ကိုင်နေပြီဖြစ်သည်။ အမှိုက်စွန့်ထုတ်မှုအများဆုံးနှင့် အမှိုက်စွန့်ရန်အခက်အခဲရှိသော ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာစီမံချက်အတိုင်း ဆောင်ရွက်သွားခြင်းဖြင့် အောင်မြင်မှုရရှိနိုင်ပြီး အခြားမြို့များတွင် ဘဏ္ဍာရေးအခြေအနေနှင့်အညီ ရေရှည်စီမံချက်များဖြင့် တွက်ချက်ဆောင်ရွက်ပြီး သန့်ရှင်းကောင်းမွန်သော မြို့ရွာများပေါ်ထွန်းအောင် တီထွင်ကြံဆ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအစီအစဉ်ကို “အမှိုက်ထဲမှရွှေ” ဟူသောဆိုစကားအတိုင်း ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ပြည်သူများ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ အမှိုက်စွန့်ပစ်သော ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အထဖြစ်ထွန်းလာအောင် ထူထောင်ပေးရမည်ဖြစ်သည်။ ထိုအလုပ်ကို မြို့နယ်စည်ပင်သာယာတစ်ဖွဲ့ တည်းဖြင့် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ပေ။ အမှိုက်ပစ်ခြင်း၊ အမှိုက်သိမ်းခြင်းတို့ကို လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် ကုသိုလ်ရှင်များ၊ ရပ်ရွာပြည်သူများကပါ ဝိုင်းဝန်း ပူးပေါင်းလက်တွဲဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ တစ်ဆက်တည်းတွင် အသိပညာပေးခြင်း၊ စည်းကမ်းမလိုက်နာသူများကို အရေးယူဆောင်ရွက်ခြင်းတို့ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ သန့်ရှင်းသောမြို့ရွာ၊ သန့်ရှင်းသောနိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းခြင်း၊ အမှိုက်ဖျက်ဆီးခြင်းတို့ကို နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု လက်တွဲပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ