ခြူးစန္ဒီနွေး
ပါကစ္စတန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ပိုလီယို အမြစ်ပြတ်ရေးလုပ်ဆောင်နိုင်ပြီး ပိုလီယို လုံးဝကင်းစင်တဲ့ နယ်မြေအဖြစ် ကြေညာနိုင်ရေး ပါကစ္စတန်အာဏာပိုင်တွေက မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။ အောင်မြင်မှုရရှိနိုင်ရေး အဟန့်အတားတွေ ရှိနေဆဲပါပဲ။
ကျန်းမာရေးလုပ်သားတွေတိုက်ခိုက်ခံရ
မကြာသေးခင် အချိန်ကပဲ ကျန်းမာရေးလုပ်သားတွေကို ကြောက်မက်ဖွယ် တိုက်ခိုက်ခံရပြီးတဲ့နောက် တိုင်းပြည်အတွင်း ပိုလီယိုကင်းစင်ရေး လှုပ်ရှားမှုမှာ အခက်အခဲတွေ ရှိလာပါတယ်။ နောက်ထပ်ပြဿနာတစ်ခုက ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးဖို့ မိဘတွေကိုယ်တိုင်က ငြင်းဆန်ကြတာပါ။ ဒီလိုမျိုး စိန်ခေါ်မှုတွေကြားထဲ နောက်ထပ် ပိုလီယိုရောဂါသည်တွေ ထပ်မံပေါ်ထွက်လာပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ကို မြို့ကြီး တော်တော်များများမှာ စစ်ဆေးကြည့်တဲ့အခါ မိလ္လာအညစ်အကြေးတွေမှာ တွေ့ရပါတယ်။ မြို့တော် အစ္စလာမ်မာဘတ် အနီးမှာရှိတဲ့ ရဝါပင်ဒီ မြို့မှာလည်းတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကပဲ ပါကစ္စတန်နိုင်ငံမှာ တစ်ပြည်လုံးအနှံ့ ကာကွယ်ဆေး ပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
ယာယီရပ်ဆိုင်း
ဒါပေမယ့်လည်း တိုက်ခိုက်မှုနှစ်ခုကြောင့် ကျန်းမာရေးလုပ်သား အမျိုးသမီးတစ်ဦးနဲ့ ကာကွယ်ဆေးအဖွဲ့ကို လိုက်လံစောင့်ရှောက်ပေးတဲ့ ရဲနှစ်ဦးသေဆုံးပြီးတဲ့အခါမှာတော့ ဆေးပေးခြင်း လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းလိုက်ရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကစပြီး ရပ်ဆိုင်းလိုက်တာပါ။ ပါကစ္စတန်နိုင်ငံမှာ ကလေးပေါင်း ၃၇ သန်း ကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ စီမံခဲ့တာဖြစ်ပြီး အနီး စပ်ဆုံး ၃၉ သန်းအထိ ထိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ ကရာချိ၊ ပတ်ရှဝါ၊ ကွီတာတို့မှာ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေကို လိုက်လံရှာဖွေတဲ့ လုပ်ငန်းလုပ် ဆောင်ခဲ့ပေမယ့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းပြန်စနိုင်ပါ့မလားလို့ သံသယ ရှိလာပါတယ်။ ဇွန်လအတွင်းမှာ ပြန်လည်စတင်မယ်လို့ ရက်သတ်မှတ်ထားပေမယ့် အချိန်မီ ပြန်စနိုင်ပါ့မလားလို့ သံသယ ရှိကြပါတယ်။
စိန်ခေါ်မှုတွေရှိနေဆဲ
ဘာဘာ ဘင်အက်တာ ဆိုသူကတော့ ပိုလီယို အမြစ်ပြတ်ရေးအတွက် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းကိုယ်တိုင် ခန့်အပ်ထားတဲ့ လူပါ။ သူနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေဆဲပဲလို့ ပြောပါတယ်။ ပိုလီယို ရောဂါပိုးတွေ့တယ်ဆိုပြီး သတင်းတက်လာတဲ့ အမှ ရှစ်ခုကလွဲရင် မြို့ ကြီး၁၂ မြို့မှာလည်း ရောဂါပိုး ပျံ့နှံ့မှုတွေ ရှိနေတယ်ဆိုတာကို ပတ်ဝန်းကျင် စစ်ဆေးမှု နမူနာတွေအရ သိရပါတယ်။ ဒါဟာ တစ်တိုင်းပြည်လုံးက ကလေးတွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပဲလို့ မစ္စတာအက်တာ က ပြောပါတယ်။ ပါကစ္စတန်ဟာ ပိုလီယိုရောဂါပိုး ရှိနေသေးတဲ့ သုံးနိုင်ငံထဲက တစ်ခုပါပဲ။ ပိုလီယိုရှိ နေသေးတဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ နောက်ထပ်တစ်နိုင်ငံကတော့ နိုင်ဂျီးရီးယားတို့ပါပဲ။
ကြောက်ရွံ့မှုတွေ အမြစ်တွယ်
ဒေသတွင်းမှာ ပိုလီယိုရောဂါကာကွယ်ဆေး ပေးတဲ့လှုပ်ရှားမှုကို မယုံကြည်နိုင်တဲ့ သံသယရှိမှု တွေ၊ ကြောက်ရွံ့မှုတွေဟာလည်း အမြစ်တွယ် နေပါတယ်။ အစွန်းရောက်လွန်းတဲ့ အစ္စလာမ္မစ် တွေဟာဆိုရင် ကာကွယ်ဆေးတိုက်ကျွေးထိုးနှံ ပေးတဲ့လုပ်ငန်းတွေဟာ သူတို့ကို သားသမီး မထွန်းကားအောင် လုပ်ဆောင်နေတဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ ထင်မြင်နေကြပါတယ်။ နောက်တစ်ခုကတော့ စီအိုင်အေ ကလည်း ကာကွယ်ဆေးထိုးပေးတဲ့အဖွဲ့ကို အသုံးချပြီး ပါကစ္စတန်မှာ ပုန်းခိုနေတဲ့ အိုစမာဘင်လာဒင် ကိုခြေရာခံနိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်ကြောင့်လည်း တိုင်းပြည်တွင်းမှာ ကာကွယ် ဆေးထိုးပေးတာကို ဆန့်ကျင်မှုတွေ ပိုမို အားကောင်းလာအောင် လောင်စာပေးလိုက်သလို ဖြစ်နေတာပါ။ စစ်သွေးကြွတွေဟာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို စပိုင်တွေလို့ စွပ်စွဲပြီး မကြာခဏဆိုသလို တိုက်ခိုက်ကြပါတယ်။ ဒါကြောင့်လည်း ပိုလီယိုကာကွယ်ဆေးပေးမယ့် အဖွဲ့တွေကို ရဲတပ်ဖွဲ့က လုံခြုံရေး ပေးရပါတယ်။
တိုက်ခိုက်မှုတွေရှိနေဆဲ
ကာကွယ်ဆေးမထိုးကြခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သန့်ရှင်းသော သောက်သုံးရေမရခြင်း၊ မိလ္လာစနစ် ညံ့ဖျင်းခြင်းတို့ကြောင့် ပိုလီယိုဗိုင်းရပ်စ် ရှင်သန်နေနိုင်ပြီး ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ရောဂါဖြစ်ပွားလာတယ်လို့ အရာရှိတွေက ပြောပါတယ်။ နောက်ပြီး ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်တဲ့ ဝါဒဖြန့်မှုတွေကလည်း အတားအဆီးတစ်ခုပါပဲ။ ရလဒ်အနေနဲ့ကတော့ ကလေးတွေကို ကာကွယ်ဆေးအထိုး မခံတာပါပဲလို့ မစ္စတာအက်တာက ပြောပါတယ်။ အစိုးရအဆက်ဆက် ပိုလီယိုရောဂါ ကာကွယ်ရေးလှုံ့ဆော်မှုတွေ၊ ကာကွယ်ဆေးကို ဆန့်ကျင်တဲ့ဝါဒ ဖြန့်မှုတွေကို တန်ပြန်တုံ့ပြန်မှုမျိုးတွေ၊ မိဘတွေကို စည်းရုံးဖို့ ဘာသာရေးခေါင်းဆောင်ရဲ့ ထောက်ခံမှုရအောင် လုပ်ဆောင်ခဲ့တာတွေ လုပ်ခဲ့ကြပေမယ့် ပိုလီယိုကာကွယ်ဆေးပေးတဲ့အဖွဲ့တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကတော့ ရှိနေဆဲပါပဲ။
ကောလာဟလအန္တရာယ်
ဧပြီ ၂၂ ရက်ကတော့ပတ်ရှဝါမြို့မှာရှိတဲ့ အစိုးရပိုင် ကျန်းမာရေးစင်တာကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးရှို့ပစ်ခဲ့ပါတယ်။ သက်တမ်းလွန်နေတဲ့ ကာကွယ်ဆေးတွေ ကလေးတွေကို ထိုးပေးလို့ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာပြီးတဲ့နောက် အခုလိုဖြစ်ရပ် ပေါ်ပေါက်လာတာပါ။ ပိုလီယိုဆေး တိုက်ကျွေးပြီးတဲ့အခါမှာတော့ ကလေးအချို့ဟာ ပျို့အန်တာတွေ၊ မအီမသာ ဖြစ်တာတွေ ဖြစ်ပွားခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ မိဘတွေဟာ သူတို့ကလေးတွေကို စစ်ဆေးပေးဖို့ ဆေးရုံကို အစုလိုက်သွားခဲ့ကြပါတယ်။ ဒေသခံ ဆေးရုံကနေ အရေးပေါ်ကြေညာမှုတွေ ထုတ်ပြန်ခဲ့ပြီး ဒီကာကွယ်ဆေးဟာ သက်တမ်းလွန်လည်း မဟုတ်သလို အန္တရာယ်လည်း မရှိပါဘူးဆိုပြီး အစိုးရက ကြေညာခဲ့ရပါတယ်။ မစ္စတာ အက်တာ ကတော့ သူဟာ ပတ်ရှဝါမှာနေလာတာ ၁၈ နှစ်ရှိပြီ၊ တစ်ခါမှ ဒီလိုဒေါသထွက်နေတဲ့ လူအုပ်ကြီးကို မတွေ့ဖူးဘူးလို့ ပြောပါတယ်။ ကျန်းမာရေးစင်တာ မီးလောင်ပြီးတဲ့နောက်မှာတော့ ကျန်းမာရေး လုပ်သားတွေရဲ့ လုံခြုံရေးတာဝန်ယူပေးရတဲ့ ရဲအရာရှိ အသတ်ခံရပါတယ်။ နောက်တစ်ရက် ရောက်ပြန်တော့လည်း နောက်ထပ်ရဲတစ်ဦး သတ်ခံ ရပါတယ်။
ကာကွယ်ဆေးကိုငြင်းဆန်
ကြောက်လန့်မှုတွေနဲ့ ကောလာဟလတွေကြောင့် မိသားစုပေါင်း ၇၀ဝ၀ဝ၀ ထက်မနည်းဟာ ကာကွယ်ဆေးကို ငြင်းဆန်ကြတယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးကျန်းမာရေး လုပ်သားတစ်ဦး သေဆုံးခဲ့ပြီး ပါကစ္စတန် အနောက်တောင်ပိုင်းမှာလည်း နောက်ထပ်အမျိုးသမီးကျန်းမာရေး လုပ်သားတစ်ဦး တိုက်ခိုက်ခံရပြန်ပါတယ်။ အစ္စလာမ်မာဘတ်လို မြို့ကြီးတွေမှာတောင် ကာကွယ်ဆေးထိုးပေးတာကို ငြင်းဆန်တဲ့ မိသားစု တွေရှိပါတယ်။ အကြီးဆုံးစိန်ခေါ်မှုကတော့ အစ္စလာမ်မာဘတ်လို မြို့မှာတောင် ကာကွယ်ဆေးကို မိဘတွေက ငြင်းဆန်ကြတာပဲလို့ အစ္စလာမ်မာ ဘတ်မြို့ရဲ့ လက်ထောက် ရဲမင်းကြီး မူဟာမတ် ဟမ်ဇာရှဖ်ကတ်က ပြောပါတယ်။
ပိုကြိုးစားမယ်
ပိုလီယိုကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးအရေအတွက်ဟာ ရာခိုင်နှုန်းအားဖြင့် တစ်ရာခိုင် နှုန်းသာရှိရင်တောင် ပိုလီယိုရောဂါဆိုတာ ဒီပတ်ဝန်းကျင်ကြီးမှာ ရှင်သန်နေဦးမှာပါပဲ။ နောက်တစ်ခေါက် ကာကွယ်ဆေးထိုးတဲ့ လှုပ်ရှားမှုကြရင် ဒီထက်ပိုပြီး ကြိုးစားသွားရမယ်လို့ သူက ဆက်ပြောပါတယ်။ လူမှုအဖွဲ့အစည်းတွေကြားမှာ နားလည်မှုလွဲမှားနေတာတွေကို ဖြေရှင်းပြီး ယုံကြည်မှု တည်ဆောက်တာတွေ၊ ပိုလီယိုကာကွယ် ဆေးကိုလိုလားလာအောင် လုပ်ဆောင်တာတွေကို အစိုးရက အလေးပေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေ ရှိနေပေမယ့် မယုံကြည်နိုင်မှုတွေ၊ ကျန်းမာရေး လုပ်သားတွေအပေါ် အထင်အမြင်လွဲမှားနေမှုတွေက ပိုလီယို ကင်းစင်ရေးအတွက် အနှောင့်အယှက် အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။
ကိုးကား -နယူးယောက်တိုင်းမ်