သံသယဖြစ်ဖွယ် အကြမ်းဖက်သမား ၁၁ ဦး မလေးရှားမှာ ဖမ်းဆီးရမိ

ကွာလာလမ်ပူ ၂၁ ဖေဖော်ဝါရီ

ဖိလစ်ပိုင်တောင်ပိုင်းက အဘူဆေယက်ဖ် စစ်သွေးကြွအုပ်စုဝင်တွေ အပါအဝင် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိသူ မလေးရှားနဲ့ ဖိလစ်ပိုင်လူမျိုး ၁၁ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့စစ်ဆင်ရေးမှာ အဲဒီ ၁၁ ဦးကို ဖမ်းမိခဲ့တာပါလို့ နိုင်ငံရဲတပ်ဖွဲ့မှူး မိုဟာမက် ဖူဇီ ဟာရန်းက ပြောကြားခဲ့တာပါ။ အဆိုပါ ၁၁ ဦးအနက် ၁၀ ဦးကို ဖိလစ်ပိုင် တောင်ပိုင်းနယ်စပ် ဘော်နီယိုမြောက်ပိုင်းက ဆာဘားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

စစ်ဆင်ရေးပထမပိုင်းမှာ မလေးရှားလူမျိုး နှစ်ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့တာပါ။ ဖိလစ်ပိုင်တောင်ပိုင်း လေ့ကျင့်ရေးအဖွဲ့မှာ အသက် ၃၉ နှစ်အရွယ် ဖိလစ်ပိုင်လူမျိုးတစ်ဦးက လက်နက်တွေ စုဆောင်းနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်တောင်ပိုင်းက အိုင်အက်စ် စီနီယာခေါင်းဆောင် တစ်ဦးရဲ့ အမိန့်ကိုနာခံပြီး မလေးရှားကတစ်ဆင့် ဇမ်ဘော်ဂါမှာရှိတဲ့ အိုင်အက်စ် အဖွဲ့ထဲကို ဝင်ရောက်ဖို့ စစ်သွေးကြွ အမြောက်အမြားကို ပို့ဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။

အခြားလေးဦးဟာ  ဖိလစ်ပိုင်တောင်ပိုင်းဆီကို တိုင်းတစ်ပါးသား စစ်သွေးကြွတွေ ခိုးသွင်းတဲ့နေရာမှာ သူ့ကို ကူညီပေးခဲ့ကြသူတွေ ဖြစ်တယ်လို့ မိုဟာမက် ဖူဇီက ဆိုပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းက ဖိလစ်ပိုင်တောင်ပိုင်း အခြေစိုက် အဘူဆေယက်ဖ် စစ်သွေးကြွအုပ်စု အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ၂၇ နှစ်အရွယ် လူတစ်ဦးအပါအဝင် ဖိလစ်ပိုင် အမျိုးသား သုံးဦးနဲ့ မလေးရှား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ နောက်ဆက်တွဲ စစ်ဆင်ရေးတွေအရ မလေးရှားမှာ တရားဝင်နေထိုင်သူ အငှားယာဉ်မောင်း ၄၉ နှစ်အရွယ် ဖိလစ်ပိုင် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မိုဟာမက် ဖူဇီပြောကြားချက်အရ သိရပါတယ်။

အဘူဆေယက်ဖ်အဖွဲ့ဟာ ဆာဘားမှာ အကြမ်းဖက်စခန်း တည်ထောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဖိလစ်ပိုင်တောင်ပိုင်းကို အရှေ့တောင်အာရှ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ဝင်ပေါက်အဖြစ် ဖန်တီးနေတာဖြစ်ကြောင်း သံသယရှိသူ ၁၀ ဦးဖမ်းဆီးရမိမှု အချက်အလက်တွေကနေတစ်ဆင့် သိရပါတယ်။

(MDN)
ကိုးကား-ဆင်ဟွာ