ရန်ကုန် ၃၀ ဒီဇင်ဘာ 

 

သံတွဲခရိုင်အသင်း (ရန်ကုန်) နှစ်ပတ်လည် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးဥတ္တမပန်းခြံတွင် ကျင်းပသည်။

 

သံတွဲခရိုင်အသင်း (ရန်ကုန်) နှစ်ပတ်လည် မိတ်ဆုံစားပွဲတွင် ရခိုင် ရိုးရာမုန့်တီ၊ ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ ကိတ်မုန့်တို့ကို စတုဒိသာအဖြစ် ကျွေးမွေးဧည့်ခံခဲ့ပြီး ဒေသထွက်ရိုးရာ အစားအစာနှင့်ခြံထွက် သီးနှံများကိုလည်း ဒေသခံများက လာရောက်ရောင်းချခဲ့ကြသည်။

 

နှစ်ပတ်လည်မိတ်ဆုံစားပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ သံတွဲခရိုင် အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြမောင်က ''ဒီပွဲက ရန်ကုန်ကို ရောက်နေတဲ့ ရခိုင်နွယ်ဖွား တိုင်းရင်းသားများ ဆုံစည်းနိ်ုင်အောင် စီစဉ်ပေးတဲ့ပွဲဖြစ်ပါတယ်။ ဒီလို ဆုံစည်းနိ်ုင်အောင် ကျင်းပလာခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ရှိပါပြီ။ ကျွန်တော်တို့ နယ်သူနယ်သားတွေက ဘယ်ပဲရောက်ရောက် ဒီနေ့ ဒီအချိန်ခါမှာ ဆုံစည်းပြီး မိတ်ဟောင်း၊ ဆွေဟောင်းတွေရဲ့ သာရေး၊ နာရေး၊ လူမှုရေးတွေကို အပြန်အလှန် ကူညီပေးနိ်ုင်အောင် ဆုံစည်းတဲ့ ရိုးရာပွဲလေးသဖွယ် ဖြစ်နေပါတယ် ''ဟု ပြောသည်။

 

 

ဒုတိယဥက္ကဋ္ဌ  ဦးထင်ကျော်လင်းက "သံတွဲခရိုင်က ရန်ကုန်ရောက်နေတဲ့ မိသားစုတွေနဲ့ သံတွဲခရိုင်က လာတဲ့သူတွေ တစ်နှစ်မှာတစ်ခါ ဆုံစည်းတဲ့ပွဲဖြစ်ပါတယ်။ အားလုံးဆုံပြီး စတုဒိသာအနေနဲ့ အလှူပေးတာဖြစ်ပါတယ်။ အခုလို ကျင်းပဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းသာပီတိ ဖြစ်ရပါတယ် '' ဟု ပြောသည်။

 

ဒေသထွက်ကုန်များကို လာရောင်းသူတစ်ဦးဖြစ်သော သံတွဲမြို့နယ် ပန်းထော်မှ မခင်မျိုးမြင့်က ''ရခိုင်မိတ်ဆုံစားပွဲမှာ ဈေးလည်းရောင်းရတယ်လို့ ပြောတဲ့အတွက် လာရောင်းတာဖြစ်ပါတယ်။ ရောင်းကောင်းပါတယ်။ ကိုယ့်ဒေသထွက် အစားအစာတွေကို ကိုယ့်ဒေသနဲ့ ဝေးကွာနေတဲ့ ရခိုင်လူမျိုးတွေကို စားစေချင်တယ်။ တွေ့လည်း တွေ့ချင်တယ်။ ဆုံစည်းချင်တဲ့အတွက် အခုလို လာရောက်ရောင်းချတာ ဖြစ်ပါတယ် ''ဟုပြောသည်။

 

သံတွဲခရိုင်ဇာတိဖြစ်သူ ရန်ကုန်ရောက် ကိုထက်နေလင်းက ''ဒီလို စည်စည် ကားကားနဲ့ ဈေးဆိုင်တန်းတွေရော၊ ကိုယ့်ရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေကို ပြန်လည်တွေ့ရတဲ့အတွက် ကိ်ုယ့်မြို့၊ မြို့ရွာကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ အခုလို ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အခု ရခိုင်မုန့်တီ စားပြီးပါပြီ၊ ဒေသထွက် အစားအစာတွေကိုလည်း ဝယ်ဖြစ်ပါတယ်။ ကျွန်တော်တို့သံတွဲမြို့နယ်မှာ ငပလီကမ်းခြေလည်း ရှိပါတယ်။ လည်ပတ်စရာကောင်းတဲ့ အခြားနေရာတွေလည်း ရှိတဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်'' ဟု ဆိုသည်။

 

 

ရန်ကုန်ရောက် သံတွဲ၊  တောင်ကုတ်၊ ဂွ နယ်သူ နယ်သားများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် သံတွဲခရိုင်အသင်း (ရန်ကုန်) ကို အသင်းသူ၊ အသင်းသားများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်ရေးနှင့် ကူညီရိုင်းပင်းရန်၊ အသင်းသားများ၏ သာရေး၊ နာရေး၊ လူမှုရေး၊ ပညာရေးကိစ္စများကို စုပေါင်းဖြေရှင်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်စေရန်၊ မိခင်ဒေသဖြစ်သော ဂွ၊ တောင်ကုတ်၊ သံတွဲမြို့နယ်များရှိ မြို့နယ်သူ၊ မြို့နယ်သားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် တတ်အားသမျှ ကူညီရိုင်းပင်းသွားရန် စသော ရည်ရွယ်ချက်များဖြင့် ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ နှစ်ပတ်လည် မိတ်ဆုံစားပွဲကို နှစ်တစ်နှစ်၏ ဒီဇင်ဘာလ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။

 

သတင်း-နန္ဒာမီဖြိုး၊ ဓာတ်ပုံ-ဇော်မင်းလတ်