နေပြည်တော် ၂၉ ဒီဇင်ဘာ


ရန်ကုန်ရောက် သံတွဲ၊ တောင်ကုတ်၊ ဂွ နယ်သူနယ်သားများဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် သံတွဲခရိုင်အသင်း(ရန်ကုန်)၏ စိန်ရတုအထိမ်းအမှတ် နှစ်ပတ်လည်မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


သံတွဲခရိုင်အသင်း(ရန်ကုန်)၏ စိန်ရတုအထိမ်းအမှတ် နှစ်ပတ်လည် မိတ်ဆုံစားပွဲ၌ တက်ရောက်လာကြသူများကို ရခိုင်ရိုးရာ မုန့်တီ၊ ထမင်း၊ ဟင်း၊ ကော်ဖီနှင့် ကိတ်မုန့် တို့ကို စတုဒိသာအဖြစ် ကျွေးမွေးဧည့်ခံကြသည်။


ထို့ပြင် သံတွဲခရိုင်သား စာရေးဆရာများ၏ စာအုပ်များ၊ သံတွဲဒေသမှ ဒေသခံများ ကိုယ်တိုင် လာရောက်ရောင်းချသည့် ဒေသထွက် ရိုးရာအစားအစာများနှင့် ဒေသထွက် ခြံထွက်သီးနှံများရောင်းချသည့် ဈေးဆိုင်များတွင်လည်း ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

 

ေ

 


နှစ်ပတ်လည် မိတ်ဆုံစားပွဲကျင်းပရခြင်း နှင့်စပ်လျဉ်း၍ သံတွဲခရိုင်အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြမောင်က “သံတွဲခရိုင်အသင်းက ဒီနှစ်ဆိုရင် ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားကို ရောက်ခဲ့ပါပြီ။ သံတွဲခရိုင်အသင်းဟာ ၁၉၄၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်ရောက် တောင်ကုတ်၊ သံတွဲ၊ ဂွ နယ်သူနယ်သားများရဲ့ သာရေး၊ နာရေး၊ လူမှုရေး အားလုံး အကူအညီပေးနိုင်အောင်လို့ နှစ်စဉ်မိတ်ဆုံစားပွဲကို ကျင်းပတာပါ။ ဒီမှာ သံတွဲ ဒေသကထွက်တဲ့ စားသောက်ကုန်နဲ့ အသီးအနှံတွေကိုလည်း ရောင်းချပေးပါတယ်။ သံတွဲ ခရိ်ုင်အသင်းရဲ့ အလှူရှင်များကလည်း ထမင်း၊ ဟင်း၊ သံတွဲအစားအစာ၊ ကော်ဖီမုန့်တွေကို စတုဒိသာကျွေးမွေးကြပါတယ်။ ဒီနေ့ဆိုရင် သံတွဲသူသံတွဲသားတွေဟာ ဒီမှာလာပြီး ဆုံ စည်းကြတဲ့အတွက် အင်မတန်မှ စိတ်ချမ်းသာဖွယ်ကောင်းတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု ပြောသည်။


သံတွဲခရိုင်အသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ(၁) ဦးထင်ကျော်လင်းက “ဒီနေ့ပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်က ဒီမှာနေတဲ့ သံတွဲသူသံတွဲသားတွေအပြင် ရခိုင်ဘက်ကလာတဲ့ သူတွေကလည်း မိတ်ဆုံစားပွဲကို ဆင်နွှဲချင်ကြတဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အားလုံးကလည်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်းနဲ့ ပါဝင်ဆင်နွှဲကြပါတယ်။ သံတွဲကဆိုရင် ဒီပွဲကိုပါဝင်ဆင်နွှဲဖို့ ကားစင်းလုံးငှားပြီး လာကြပါတယ်” ဟု ပြောသည်။

စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် သံတွဲသူ ဒေါ်မိုမိုအိက “ဒီနေ့ မိတ်ဆုံစားပွဲက အရမ်းပျော်ဖို့ကောင်းပါတယ်။ မိတ်ဟောင်း၊ ဆွေဟောင်းတွေ အားလုံးကို ပြန်တွေ့ရတဲ့ အတွက် ပျော်စရာကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးရှိတဲ့ အတွက်လည်း သံတွဲဒေသအတွက် ဂုဏ်ယူမိပါတယ်။ ဒီနေ့ပွဲမှာ ရန်ကုန်မှာ မရနိုင်တဲ့ သံတွဲဒေသထွက် အစားအစာတွေနဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေကိ်ု ရောင်းချပေးတာ တွေ့ရပါတယ်။ သံတွဲဒေသလူတွေက အစားအစားနဲ့ ပတ်သက်လာရင် ကိုယ့်ဒေသထွက် ကို တန်ဖိုးထားပါတယ်။ ချဉ်ပေါင်တောင်မှ ကိုယ့်ဒေသထွက် ချဉ်ပေါင်ကို စားချင်ကြပါတယ်”ဟု ပြောသည်။

 

ေ

 


သံတွဲခရိုင်အသင်း(ရန်ကုန်)အနေဖြင့် မိတ်ဆုံစားပွဲ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည့် သာရေး၊ နာရေး၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက်  ငွေပဒေသာပင် ငွေကျပ်သိန်း ၁၀ဝ၀ စီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ အလှူငွေကျပ် ၁၀၆ သိန်း ကောက်ခံရရှိခဲ့ကြောင်း သံတွဲခရိုင်အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြမောင်က ပြောသည်။


ရန်ကုန်ရောက် သံတွဲ၊ တောင်ကုတ်၊ ဂွ နယ်သူနယ်သားများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် သံတွဲခရိုင်အသင်း(ရန်ကုန်)ကို အသင်းသားအသင်းသူများ တစ်ဦးနှင့် တစ်ဦး ရင်းနှီးစွာပေါင်းသင်းဆက်ဆံနိုင်ရေး၊ အသင်းသားများ၏ သာရေး၊ နာရေး၊ လူမှုရေး၊ ပညာရေး ကိစ္စများကို စုပေါင်းဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်စေရန်နှင့် သံတွဲခရိုင်အတွင်းရှိ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့ တိ်ုးတက်ဖွံ့ဖြိုး လာစေရေးအတွက် တတ်အားသရွေ့ ဝိုင်းဝန်းကူညီသွားရန် စသော ရည်ရွယ်ချက်ဖြင့် ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်း၏ နှစ်ပတ်လည် မိတ်ဆုံစားပွဲကို နှစ် တစ်နှစ်၏ ဒီဇင်ဘာလ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။ 


သတင်း - မင်းသစ် (MNA)/ ဓာတ်ပုံ - ဇော်မင်းလတ်