သံတွဲ   ၂၆   အောက်တိုဘာ 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် (သံတွဲ)ကိုအောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သံတွဲမြို့ ဒွါရဝတီခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့် စာအုပ်ရောင်းပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများ၊ ပြခန်းများ  ပါဝင်မည်ဖြစ်သည်။

 

ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ပြီး သံတွဲမြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင် ဖျော်ဖြေတင်ဆက်သွားမည့်အပြင် ကလေးစာပေပွဲတော်သို့ လာရောက်သည့် ပရိသတ်များအား ကျောက်ဆည် ဆင်အကများဖြင့်လည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

 

ထို့ပြင် ကလေးစာပေပွဲတော် ကျင်းပမည့် ရက်များတွင် စာပေဟောပြောပွဲများ ကိုလည်း  ကျင်းပသွားမည်ဖြစ်ပြီး “အနာဂတ်ရဲ့ ပန်းကလေးများ” ခေါင်းစဉ်ဖြင့် ဦးထွန်း တင် (ထိုက်တန်- သံတွဲ) ကလည်းကောင်း၊ “ကွက်လပ်ဖြည့် ပါ” ခေါင်းစဉ်ဖြင့် ဦးလှမြင့် အောင် (လှမြင့်အောင်- တောင်ကုတ်) တို့က ပါဝင် ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲတို့ ပူးပေါင်းပြီးနေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် ရန်ကုန်မြို့တို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများနှင့် စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်းကာ ခရိုင်မြို့ကြီး (၃၃) မြို့၌လည်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီးဖြစ်သည်။

 

အောင်မင်းဟန် 

ဓာတ်ပုံ-တင်ထွန်းဦး