သံတွဲ၊ ၂၉ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၌ ၂၀၁၄ ခုနှစ်မှ စတင်၍ သစ်တောဦးစီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ရခိုင်ရိုးမ ဆင်ဘေးမဲ့တော ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း တည်ရှိသည့် ရခိုင်ရိုးမ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောနှင့် အနီးဝန်းကျင်တွင် တောဆင်ရိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နယ်မြေတာဝန်ခံ ဦးထက်အာကာအောင်က ရှင်းပြသည်။
ရခိုင်ရိုးမ ဆင်ဘေးမဲ့တောအတွင်း ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)အနေဖြင့် နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ ကူညီပေးနေကြောင်း၊ ဘေးမဲ့တောဝန်းကျင်အနီး ကျေးရွာများမှ တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ စိတ်ဝင်စားသည့် ဒေသခံ လူငယ်များကိုလည်း ကင်းသားအဖြစ်ရွေးချယ်ပြီး ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီ အားဖြည့် လုပ်ဆောင်နေကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တိုက်ဖျက်ရေးစီမံကိန်း (EU Partners Against Wildlife Crime) ရန်ပုံငွေထောက်ပံ့မှုနှင့် ရခိုင်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (Rakhine Coastal Conservation Association–RCA)တို့ ပူးပေါင်းပြီး ရခိုင်ရိုးမ ဆင်ထိန်းသိမ်းရေးဘေးမဲ့တော အနီး ဝန်းကျင်မှ ဆင်များနှင့် တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့နေရသည့် ကျေးရွာများတွင် လူနှင့်ဆင် ပဋိပက္ခကြိုတင် ကာကွယ်နိုင်ရန် အသိပညာဗဟုသုတမျှဝေခြင်း၊ ဆင်များ ခြောက်လှန့်မောင်းထုတ်နိုင်သည့် နည်းလမ်းများ မျှဝေခြင်းနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေးခြင်း စသည့် ဆင်ပဋိပက္ခလျှော့ချရေး လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် ရခိုင်ရိုးမနှင့် အနီးတစ်ဝိုက်တွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု တားဆီးနှိမ်နင်းနိုင်ရန် အရေးယူ ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
အဓိကရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံအဆင့် မြန်မာ့ဆင် ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် (၂၀၁၈ - ၂၀၂၇)မှာပါဝင်တဲ့ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကူညီပံ့ပိုးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဦးထက်အာကာအောင်၏ ပြောပြချက်အရ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


