သံတွဲ ၁၁ ဒီဇင်ဘာ
သံတွဲခရိုင်အတွင်းရှိ တောင်သူများသည် ဆောင်းသီးနှံများကို စိုက်ပျိုးလျှက်ရှိရာ ခရိုင်စိုက်ပျိုးရေး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ ခရိုင်ပိုးမွှားတာဝန်ခံ ဒေါ်တင်မြင့်ရီ၊ မျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းလွင် နှင့် ကွင်းဝန်ထမ်းများ ၊ ရခိုင်ဆောင်းသီးနှံ( RWCP) ဒုအဖွဲ့ခေါင်းဆောင် ဒေါ်ဝါဝါရှိန်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသူတို့ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်က သံတွဲမြို့နယ် ပုဇွန်ဖြေ ကျေးရွာရှိ ဆင်းပဒေသာ-၁၁ မျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲမျိုးယှဉ်ပြိုင်စိုက်ကွက် များ စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရေးတို့အတွက် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ကာ ပညာပေးလုပ်ငန်းများကို လက်တွေ့ပြသခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများသည် ပုဇွန်ဖြေ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် မျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံကာ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းအပါအဝင် မြေပဲမျိုးစေ့ ထုတ်လုပ်ခြင်းဆိုင်ရာ ကြုံတွေ့နိုင်သည့်အခက်အခဲများကို အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

တောင်သူဆွေးနွေးပွဲအပြီးတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ မြေပဲမျိုးယှဉ်ပြိုင်စိုက်ကွက် တစ်ဧက အတွက် အသုံးပြုရန် ကွန်ပေါင်း ( ၁၅;၁၅;၁၅ )မြေဩဇာ အိတ်ကို ဌာနနှင့် ပူးပေါင်း လုပ်ကိုင်သူ တောင်သူဦးမောင်ပုထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)