နေပြည်တော် ၂ ဧပြီ

ရခိုင်ပြည်နယ်သံတွဲမြို့နယ်၌ ကျားမအခြေပြုအကြမ်းဖက်မှုခံစားရသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အသိပေးရှင်းလင်းပွဲကို ဧပြီလ ၁ ရက် မွန်းလွဲတွင် သံတွဲမြို့နယ် အထွေထွေရောဂါကု ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အသိပညာပေးရှင်းလင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမြတ်သွေးဣန္ဒြာက ကျားမအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပေးရှင်းပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျားမအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနားလည်သဘောပေါက်စေရန်၊ မိမိတို့နှင့်သက်ဆိုင်သည့် ကူညီစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်၊ အခြားလိုအပ်သည့် အကူအညီများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအတွင်း ချိတ်ဆက်ဆောင်ရွက် ညွှန်းပို့နိုင်စေရန် ရည်ရွယ်၍ UNFPA နှင့် AFXB အဖွဲ့တို့ ပူးပေါင်းကူညီမှုဖြင့် ကျားမအခြေပြု အကြမ်းဖက်မှုခံစားရသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အသိပေးရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ နေပြည်တော် မိခင်နှင့်သားဆက်ခြားဌာနခွဲမှ သင်တန်းဆရာမများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

 

mdn