စစ်တွေ ဖေဖော်ဝါရီ  ၂၁

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု မန်ကျည်းချောင်ကျေးရွာ၌ တောင်သူ ဒေါ်တင်မေ၏ မြေပဲမျိုးစေ့ထုတ်စိုက်ခင်း ၅ ဧက ဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှု အားပေးရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်တို့က ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအနေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ တောင်သူသုံးဦး၏ နေကြာစံပြကွက် ၁၀ ဧကနှင့် မြေပဲများ စိုက်ပျိုးအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးခဲ့မှု၊ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးထားမှုနှင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေကြာစံပြကွက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ကင်းတောင် ကျေးရွာရှိ သိဒ္ဓိအောင် မြေပဲဆီကြိတ်စက်နှင့် ဆန်စက်တို့တွင် မြေပဲတောင့်များ သိုလှောင်ထားရှိမှု၊ မြေပဲဆီကြိတ်ထုတ် နေမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးချောင်းထိုးကျေးရွာ၊ မီးချောင်းထိုးကွင်းတွင် မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ဇော်မြင့်၏ ဥစားကြက်(CP) ၇၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ် မိုးလုံလေလုံ ဘက်စုံသုံးခန်းမ၌ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ တက္ကသိုလ်မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်က တောင်ကုတ် တက္ကသိုလ်၏ အချက်အလက်များကို တင်ပြပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ်အတွင်း နှစ်ထပ် စာသင်ဆောင်(ဘွဲ့နှင်းသဘင်ခန်းမအပါ) ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်ကုတ်မြို့၊ ကိုင်းရှည်တံတား အကြီးစားပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေမှုများကို တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် MSME လုပ်ငန်းရှင်များက ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော တောင်ကုတ်မြို့နယ်ရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

တင်ထွန်း(ပြန်/ဆက်)