သံတွဲ မေ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၁ ရက် နံနက်ပိုင်းက သံတွဲမြို့ရှိ သာသနိကအဆောက်အအုံများ၊ မြို့ဖွံ့ဖြိုးမှုအခြေအနေနှင့် သောက်သုံးရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မဒေးတောင်ရှိ အလိုတော်ပြည့် ဆရာတော်ကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ သာသနိက အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု ရှိမရှိကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ငပလီမြို့ ငပလီရေလှောင်တမံနှင့် သံတွဲမြို့ မဟာဗောဓိ ရေလှောင်ကန်များသို့ ရောက်ရှိပြီး မိုခါမုန်တိုင်း တိုတ်ခတ်မှုအပြီး ရေလှောင်တမံများအတွင်း ဆားငံရေ ဝင်ရောက်မှု ရှိမရှိ၊ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေမှုနှင့် ရေလုံလောက်မှု ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ သံတွဲခရိုင် ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဦး၊ သံတွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းမြင့်နှင့် တာဝန်ရှိသူများက ရေသိုလှောင်ဖြန့်ဝေပေးနေမှုနှင့် ရေလှောင်တမံနှင့် ရေလှောင်ကန်များ တည်ဆောက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်စိုးနိုင်ဦးက ရေကြောင့် ဝမ်းရောဂါဖြစ်ပွားမှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါ ငပလီရေလှောင်တမံမှ ငပလီမြို့ မြပြင်ရပ်ကွက်နှင့် လင်းသာရပ်ကွက်ရှိ လူနေအိမ် ၁၀၆၅ လုံးနှင့် ဟိုတယ် ၂၅လုံးတို့ကို ရေဖြန့်ဝေပေးလျက်ရှိပြီး သံတွဲမြို့ မဟာဗောဓိရေလှောင်ကန်မှ မြို့ပေါ်ရှိ ရပ်ကွက် ခုနစ်ခုကို ရေဖြန့်ဝေပေးလျက်ရှိသည်။
ဆက်လက်၍ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့ ရွှေဆံတော်စေတီတော်သို့ သွားရောက် ဖူးမြော်ကြပြီး သာသနိကဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိမရှိတို့ကို လှည်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)