သံတောင်ကြီး ၂၆ မတ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောပြာကြီးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒူးရင်းများတွင် ကျရောက်တတ်သော မှိုရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက တောင်သူများနှင့် တွေ့ဆုံကာ ဒူးရင်းရောဂါ ကာကွယ်ရေး အသိပညာပေး ကွင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးလင်းအောင်က ဒူးရင်းပင်များတွင် ကျရောက်တတ်သော ရောဂါပိုးမွှားများအကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ရောဂါကျရောက်ပါက ကာကွယ်နှိမ်နင်းနည်းများ သဘာဝပိုးသတ်ဆေးနှင့် ဓာတုပိုးသတ်ဆေးနည်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုလက်ထောက်ဦးစီးမှူး ဦးမြတ်ထွန်းက ဒူးရင်းပင်များတွင် ရောဂါကျရောက်မှု ကြိုတင်ကာကွယ်ရေးနှင့် (ထုံးနှင့်ဒုတ္တာ) ဆေးဖျော်စပ်ပြီး အသုံးပြုနည်း အကြောင်းများကို ရှင်းလင်းပြောကြားကာ တောင်သူများနှင့် လက်တွေ့ကွင်းသရုပ်ပြဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တောပြာကြီးကျေးရွာသည် ဒူးရင်းစိုက်ပျိုး ဖြစ်ထွန်းသော်လည်း ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်မှုမရှိခဲ့ပေ။ ယခုအချိန်တွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာခြင်း ဈေးကွက်ကောင်းမွန်လာခြင်းတို့ကြောင်း ဒူးရင်းများကို ပိုမိုစိုက်ပျိုးလာပြီဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


