သံတောင်ကြီး  အောက်တိုဘာ ၃၁

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သစ်အယ်တောင်(အောက်) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကား ပြောကြားကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက် ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများက ကော်မတီဝင်များအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သစ်အယ်တောင်(အောက်)ကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိက လိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး စီမံချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)