သံတောင်ကြီး ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာ ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ(၂၁)ရွာတွင် ကျေးရွာချင်းဆက်လမ်းနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လေးခု၊ ကျောက်မြေခင်းခြင်းလုပ်ငန်း တစ်ခု၊ ရေရှိရေးလုပ်ငန်း နှစ်ခု၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ၁၄ ခု၊ စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခုကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ နှင့် ကျေးရွာနေပြည်သူများ၏ ငွေအားလုပ်အား ထည့်ဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို LIFT Fund နည်းပညာ အကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”လို့ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ဆက်လက်ပြောပြသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် စိမ့်ကုန်း၊ သာစည်ကုန်း၊ ဘုံတောင်၊ စပါးကျီ၊ ကိုးကွေ့၊ ရွှေနန်းကလေး၊ ဗဟုန်း၊ နာလေဖိုလီ(အောက်)၊ ဖယ်ဘိုး(အောက်)၊ ငွေတောင်(အောက်)၊ ချဉ်ပေါင်တောင်(ရွာမ)၊ မဝ(အောက်)၊ ညောင်ပင်တောင်၊ မာယောဖိုလီ၊ အတောင်ချောင်း(အလယ်)၊ ငထွန်းလက်ပံဖြူ၊ ဆိတ်ဖူးကုန်း၊ မဂူတောင်၊ ချီးသူစော(အောက်)၊ မောင်ကျော်(အလယ်) စသည့် ကျေးရွာ(၂၁)ရွာဖြစ်ပြီး အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


