သံတောင်ကြီးမြို့ ၆ သြဂုတ်
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ယနေ့ နံနက် ၈ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေပြိုခြင်း သစ်ပင်များပြိုလဲခြင်း ဖြစ်ပွားလျက်ရှိရာ သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် လိပ်သိုလမ်းနှင့် ချယ်ရီလမ်းဆုံ နေရာတွင် မြေပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်သွားခဲ့သည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားသည့် နေရာအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများ သွားရောက်ကာ ပြိုကျမြေကြီးများအား မြေကော်စက်ဖြင့် ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး နံနက် ၁၁ နာရီတွင် ယာဉ်များကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အလားတူ သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက် ဆောက်လုပ်ရေးရုံးရှေ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအနီး ထင်းရှူးပင် ကားလမ်းပေါ်သို့ လဲကျခဲ့ရာ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


