Sony ၏ ဉာဏ်ရည်တု ပါဝင်သော စက်ရုပ်ခွေးအား တိုကျိုတွင် ရောင်းချ

၁၃ ဇန်နဝါရီ

နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Sony ဟာ ၁၂ တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် "aibo" အမည်ရှိ စက်ရုပ်ခွေး တစ်ကောင်ကို ဈေးကွက်အတွင်း ရောင်းချမှု ပြုလုပ်လိုက်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က နည်းပညာအသစ်နဲ့ ထပ်မံထွက်ရှိတဲ့ အဆိုပါစက်ရုပ်ကို Sony ရုံးချုပ်ရှိရာ တိုကျိုတွင် အခမ်းအနားတစ်ခု ကျင်းပပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။

နောက်ထွက်ရှိတဲ့ စက်ရုပ်ခွေးမှာ သေးငယ်တဲ့ ကင်မရာတစ်လုံးနဲ့ အာရုံခံကရိယာ ၂၀ ထိ တပ်ဆင်ထားပြီး လမ်းလျှောက်နိုင်သည့်အပြင် ပတ်ဝန်းကျင်ကို အာရုံခံနေစဉ် ၎င်းရဲ့အမြီးကို လှုပ်ရမ်းနေမှာ ဖြစ်ပါတယ်။

စက်ရုပ်ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အပြင် ဉာဏ်ရည်တု နည်းပညာကို ထည့်သွင်းထား တာကြောင့်  ကင်မရာက ဖမ်းယူပေးတဲ့ ပုံရိပ်တွေကိုလည်း ခွဲခြားဆုံးဖြတ်နိုင်ပါတယ်။ တစ်ဖက်လူရဲ့ သွင်ပြင်လက္ခဏာပေါ်မူတည်ပြီး မတူညီတဲ့ အမူအရာနဲ့ တုံ့ပြန်မှုတွေကိုလည်း လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

Sony ကုမ္ပဏီရဲ့ ပြောကြားချက်အရ ယခု စက်ရုက်ဟာ ယခင်က စက်ရုပ်တွေထက် လှုပ်ရှားမှု ပိုမို ကောင်းမွန်စေဖို့  အဆင့်မြှင့် ဖန်တီးထားပြီး ပိုင်ရှင်နဲ့ အပြန်အလှန် စကားပြောဆိုမှုများမှတစ်ဆင့် သင်ယူ၍ ၎င်းရဲ့ကိုယ်ပိုင်အရည်အသွေးကိုလည်း တိုးတက်လာအောင် စွမ်းဆောင်နိုင်ကြောင်း သိရပါတယ်။

စက်ရုပ်ကို ဒေါ်လာ ၁၇၈၀ ခန့်နဲ့ ရောင်းချမှာဖြစ်ပြီး ယခုချိန်မှာတော့ ဂျပန်နိုင်ငံမှာပဲ ရရှိနိုင်မှာဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပကိုပါ တင်ပို့ရောင်းချနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ စက်ရုပ်ကို အွန်လိုင်းကတစ်ဆင့် အဆင့်မြှင့်တင်နိုင်မှာဖြစ်ပြီး  ၂၆ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်။

Sony ဟာ အဆိုပါ စက်ရုပ်ခွေးများ ထုတ်လုပ်မှုကို စီးပွားရေးဆိုင်ရာ အားနည်းချက်များကြောင့် ၁၂ နှစ်ကြာ ရပ်နားထားခဲ့ရာကနေ ယခုလို အခြားနည်းပညာပစ္စည်းများနဲ့အပြိုင် စွမ်းဆောင်ရည်မြင့် နည်းပညာများနှင့် ဉာဏ်ရည်တုကိုပါ ထည့်သွင်းလာပြီး နောက်တစ်ကြိမ် ဈေးကွက်ပေါ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

အဆိုပါ စက်ရုပ်ကိုဝယ်ယူဖို့ စောင့်ဆိုင်းနေသူများ ရှိနေပြီး စက်ရုပ်ကို ဝယ်ယူခဲ့တဲ့ ၇ နှစ်အရွယ် ကလေးတစ်ဦးဟာ ခွေးစက်ရုပ်ကို အဖော်ပြုပြီး ဘောလုံးကစားနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တယ်လို့ NHK သတင်းတစ်ရပ်အရ သိရပါတယ်။

MDN

ကိုးကား  (NHK)